ငပုတော ဖေဖော်ဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ပြင်ခရိုင်တွင် ကလေးသူငယ်များအပေါ် အဓ္ဓမပြုကျင့်ခံရမှု မဖြစ်ပွားရေးနှင့် ထူးခြားဖြစ်စဉ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေပိုင်းက အဆိုပါကျောင်းရှိ ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ ကျောင်းသား မိဘများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
အဆိုပါအသိပညာပေး ဟောပြောပွဲတွင် အ.ထ.က ပြင်ခရိုင် ကျောင်းအုပ်ဆရာကြီးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ အန္တရာယ်နှင့် စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါးများ၏ အန္တရာယ်များနှင့်ပြစ်မှု ပြစ်ဒဏ်များ၏အန္တရာယ်များကိုလည်းကောင်း၊ သက်ငယ်မုဒိန်း ဖြစ်ပွားရာသည့် အကြောင်းအရင်းများနှင့်ဖြစ်ပွားရသည့် အန္တရာယ်များ၊ ဓမ္မတာနှင့် ဆန့်ကျင့်သော လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်ခံရမှုများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)