တန့်ယန်းမြို့နယ်တွင် အောင်ဓမ္မဝိပဿနာ တရားစခန်းရိပ်သာ တည်ဆောက်ရန် မြေသန့်မင်္ဂလာကျင်းပ

တန့်ယန်း ဖေဖော်ဝါရီ ၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၊ ခိုယောင်းကျေးရွာအုပ်စု၊ ပိန်းကမ်းကျေးရွာ နေမိန္ဒရ ကုန်းတော် အောင်တော်မူစေတီတော်အနီးတွင် အောင်ဓမ္မ ဝိပဿနာ တရားစခန်းရိပ်သာ တည်ဆောက်ရန် မြေသန့်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်၍ ကိုင်းကုန်း ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တကုသလထံမှ ဧည့်ပရိသတ်အပေါင်းက ငါးပါးသီလ ခံယူဆောက်တည်ကြကာ လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော် သံဃာတော်များက မြေသန့်မင်္ဂလာကို အစီအစဉ်အတိုင်း ကျင်းပသည်။

ယင်းနောက် အောင်ဓမ္မဝိပဿနာ တရားစခန်းရိပ်သာ တည်ဆောက်နိုင်ရန် အလှူရှင်အသီးသီးတို့က အလှူတော်ငွေများကို ပေးအပ်လှူဒါန်းကြရာ အောင်ဓမ္မ ဝိပဿနာ တရားစခန်းရိပ်သာ တည်ဆောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းရီထွန်းက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ 

မင်းလွင်ဦး(တန့်ယန်း)