မိတ္ထီလာ ဖေဖော်ဝါရီ ၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီးမံကိန်း (VDP) ဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က မုန်တိုင်ကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုး က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီးမံကိန်း(VDP) ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် မုန်တိုင်ကျေးရွာသူကျေးရွာသားများကိုယ်စား လမ်းကော်မတီဥက္ကဋ္ဌ ဦးဝင်းလွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီးမံကိန်း(VDP)ဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်း ကွန်ကရစ်လမ်း ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ ကွန်ကရစ်လမ်းမုဒ်ဦးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဝင်းမင်းထွန်း၊ ဦးကျော်ဇေယျ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်း၊ မုန်တိုင်ကျေးရွာ လမ်းကော်မတီအဖွဲ့ဝင် ဦးကျော်ဆန်းဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီး လမ်းဆိုင်ဘုတ်အား အမွှေးနံ့သာများ ပက်ဖျန်းခဲ့ကြသည်။ ၎င်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးနှင့် တာဝန်ရှိသူများက ကွန်ကရစ်လမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ ၁၈ ရွာတွင် ဆောင် ရွက်ခဲ့ရာ မုန်တိုင်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေ ၁၅ သန်းနှင့် ပြည်သူထည့်ဝင်ငွေ ၅.၇၀ သန်းတို့ဖြင့် အရှည်ပေ ၆၆၀ ၊ အကျယ် ၁၂ ပေ ၊ ထု ၆လက်မရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)