မိုင်းပျဉ်းမြို့ အ.ထ.က ကျောင်း၌ ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းဆောင်ရွက်

မိုင်းပျဉ်း ဖေဖော်ဝါရီ ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တို့ပူးပေါင်း၍ ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းတွင် တတိယအကြိမ်အဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထိန်လင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းဟွမ်နွမ်းနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က အခြေခံပညာ အထက်တန်းကျောင်းရှိ KG ကျောင်းသား၊ ကျောင်းသူများအတွက် အာဟာရချက်ပြုတ်နေမှုနှင့် အာဟာရကျွေးမွေးခြင်းတို့ကို လှည့်လည်ကြည့်ရှုအားပေးခြင်း၊ အာဟာရကျန်းမာရေးအကြောင်း အသိပညာပေး ပြောကြားခြင်းတို့ဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းကို မိုင်းပျဉ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၄၇) ကျောင်းမှ KG တန်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆၄၉) ဦးအား ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ကျောင်းသား၊ ကျောင်းသူများ အားလုံးကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစေရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်သော အမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

နန်းသန္တာဦး(ပြန်ဆက်)