မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကဗျာရွတ်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲ နှင့်နံရံကပ်စာစောင်ပြပွဲများ ပြုလုပ်

မြစ်သား ဖေဖော်ဝါရီ  ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကဗျာရွတ်ပြိုင်ပွဲ၊ စာအုပ်ပြပွဲ နှင့် နံရံကပ်စာစောင်ပြပွဲများပြုလုပ်ခြင်းကို ယမန့်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးအရာရှိ ဒေါ်သီတာအောင်က ကလေးများနှင့် လူငယ်လူရွယ်များ၏ ဉာဏ်ရည်ဉာဏ်သွေး အတွေးအခေါ် အယူအဆများ ထက်မြက်လာစေရန်၊ စုပေါင်းလုပ်ငန်းများတွင် ဝိုင်းဝန်းပါဝင်တတ်စေရန်၊ စာပေဖတ်ရှုလိုစိတ်မြင့်မားလာစေရန်၊ စာကြည့်တိုက်ကို ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် နွေရာသီကျောင်းပိတ်ရက် ကာလအတွင်းအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ရာ မူလတန်းဆင့်ကျောင်းသား ၊  ကျောင်းသူ(၇) ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး တာဝန်ရှိသူများကဆုရရှိသူများ ဆုလက်ဆောင်များ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များတွင် ပြည်ထောင်စုနေ့ အသိပညာပေး နံရံကပ်စာစောင်များ၊ ကလေးအလုပ် သမားပပျောက်ရေး နံရံကပ်စာစောင်နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြပွဲများကို ကျောင်းသား၊ကျောင်းသူများနှင့် ပြိုင်ဝင်သည့် ကျောင်းသား၊ကျောင်းသူက စိတ်ပါဝင်စားစွာ ကြည့်ရူလေ့လာခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)