ချမ်းမြသာစည် ဖေဖော်ဝါရီ ၆
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ အသိပညာဗဟုသုတနှင့် ပြည့်စုံ၍ ထူးချွန်ထက်မြက်သူလေးများ ဖြစ်ပေါ်လာစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်ပြီး စာပေလေ့လာဖတ်ရှုသည့် အလေ့အထများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့်ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိမ်းဝင်းက စာဖတ်ခြင်း အကျိုးကျေးဇူးများကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်က စာကြည့်တိုက်ရှိ စာအုပ်စာစောင်များ ထားရှိမှုနှင့် ငှားရမ်းမှုစနစ်များ အကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသား/သူများ၏ ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ အခြေခံပန်းချီ ရေးဆွဲခြင်းပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ဥာဏ်စမ်းပဟေဠိပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ကျောင်းသူ (၃၀)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသော ကျောင်းသား/သူများအား မြို့နယ်ဦးစီးမှူးနှင့် ကြီးကြပ်ဆရာမများက ဆုများပေးအပ် ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး ကျောင်းသား/သူများသည် ခန်းမအတွင်း ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်စာစောင်များကို စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်းနှင့် တက်ရောက်လာသော ကျောင်းသား/သူများအား ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များနှင့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အမှတ် (၃၁) အခြေခံပညာ အထက် တန်းကျောင်းမှ ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့