အိမ်မဲမြို့နယ် အ.လ.ကတာကုန်းကျောင်းတွင် ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်း သိကောင်းစရာ ဟောပြောပွဲကျင်းပ

အိမ်မဲ ဖေဖော်ဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ တာကုန်းကျေးရွာ အ.လ.က တာကုန်းကျောင်းတွင် ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်းသိကောင်းစရာဟောပြောပွဲကို ယမန်နေ့နံနက် ၁၀နာရီ အချိန်တွင်က  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် မြောင်းမြခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးတင်ဦးနှင့် မြို့နယ်ဒုတိယပညာရေးမှူး ဦးသက်နိုင်အေးတို့က အဖွင့်အမှာစကားများကို ပြောကြားခဲ့သည်။ ထို့နောက် အိမ်မဲမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်စန်းယုရွှေက ကြက်ခြေနီအကြောင်း၊ အခြေခံမူများ၊ လူသားချင်း စာနာထောက်ထားခြင်း၊ ခွဲခြားမှုမရှိခြင်း၊ ကြားနေခြင်း၊ လွတ်လပ်ခြင်း၊ စေတနာဝန်ထမ်းအကျိုးဆောင်ခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ ကမ္ဘာတစ်ဝန်းပျံ့နှံ့ခြင်း၊ ရှေးဦးပြုစုခြင်းနှင့်ရည်ရွယ်ချက်များကို Power Point ဖြင့် အကျယ်တဝင့်ဟောပြောခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များက ရှေးဦးပြုစုခြင်းအကြောင်းကို လက်တွေ့ပြသပေးခဲ့ပြီး အခမ်းအနားသို့ အ..က တာကုန်းကျောင်းမှ ဆရာ/မများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ တက်ရောက်ခဲ့သည်။

အဆိုပါရှေးဦးပြုစုခြင်းအကြောင်းအရာများကို ဟောပြောပေးပြီး လက်တွေ့ပြသပေးခြင်း၏ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်ရှိ လူများ ဘေးဒုက္ခ အမျိုးမျိုးကျရောက်ပါက ချက်ခြင်းတုံ့ပြန် ကယ်ဆယ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်