ကျိုက်လတ် ဖေဖော်ဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်ဘီးလမ်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အရှေ့ဆင်ကူး ကျေးရွာအုပ်စု၊ ချောင်းဒါးမရိုက်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဖျာပုံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထက်အောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အမှာစကားပြောကြားခဲ့ပြီး အရှေ့ဆင်ကူးကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးငြိမ်းဝင်းက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။ ထို့နောက် ဖျာပုံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထက်အောင်သည် ကွန်ကရစ်ဘီးလမ်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ အဖွဲ့ဝင်(၃) ဦးမောင်းမာန်တို့နှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့၍ ကွန်ကရစ်ဘီးလမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ကွန်ကရစ်ဘီးလမ်းသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဖြင့် ဆောင်ရွက်ခဲ့ပြီး လမ်းအရှည် (၁၇၆၅) ပေ၊ လမ်းအကျယ် (၂) ပေနှင့် ထု (၆) လက်မရှိကြောင်း သိရသည်။
လှိုင်မင်းအောင်
ကျိုက်လတ် (ပြန်/ဆက်)