ချမ်းမြသာစည်မြို့နယ် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန (အထက်မြန်မာပြည်) ပုံနှိပ်စက်ရုံတွင်  မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောခြင်းနှင့် ရှေးဦးမီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြဆောင်ရွက်

ချမ်းမြသာစည် ဖေဖော်ဝါရီ ၆

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနသည် အောင်ပင်လယ်ရပ်ကွက် (၄၈)လမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန (အထက်မြန်မာပြည်) ပုံနှိပ်စက်ရုံရှိ၀န်ထမ်းများအား မီးဘေးအန္တရာယ် ဖြစ်ပွားမှုမရှိစေရေးအတွက် မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး‌ဟောပြောခြင်းနှင့်ရှေးဦး မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြမှုများအား ယနေ့နံနက်ပိုင်းက  ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ချမ်းမြသာစည်မြို့နယ် မီးသတ်ဦးစီးမှူး ဦးမင်းမင်းစိုးက ဝန်ထမ်းများအနေဖြင့် မီး‌ဘေးအန္တရာယ်‌ကြောင့် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးထိခိုက်မှုများ မရှိစေရေး သတိပြုဆောင်ရွက်ကြရန်၊ မီးချိတ်၊မီးကပ်များနှင့် သဲအိတ်များထားရှိကြရန်၊ ဝါယာကြိုးများ ပေါက်ပြဲဆွေးမြေ့နေပါက အသစ်လဲလှယ်ခြင်းများ ပြုလုပ်ကြရန်၊မိန်းတင် မိန်းချ‌ခလုတ်များ သေချာစွာစစ်‌ဆေးခြင်းများ ပြုလုပ်ကြရန်နှင့် မီးဘေးအန္တရာယ်‌ကြောင့် ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများအား အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီးနောက် မီးသတ်ဆေးဘူး အသုံးပြုနည်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများ၊ Gas မီးသရုပ်ပြသငြှိမ်းသတ်ခြင်းများ၊ မီးငြှိမ်းသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့်ခန်းများအား လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြသည်။

အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်းလက်တွေ့သရုပ်ပြခြင်းသို့ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန (အထက်မြန်မာပြည်) ပုံနှိပ်စက်ရုံရှိ စက်ရုံမှူး ဦးဘိုလှနှင့် ၀န်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့