မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် မအူပင်တက္ကသိုလ်မှဘာသာရပ်အလိုက် သင်ကြားပို့ချသည့်အခမ်းအနားကျင်းပ

မော်လမြိုင်ကျွန်း ဖေဖော်ဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် မအူပင်တက္ကသိုလ်မှဘာသာရပ်အလိုက် သင်ကြားပို့ချသည့် ပါမောက္ခဆရာကြီး၊ ဆရာမကြီးများအား ယနေ့နံနက် ၈နာရီ ၃၀ မိနစ် အချိန်က မြို့ဝင်တောရအခြေခံပညာအလယ်တန်းကျောင်း ရှေ့၌ ဝမ်းပန်းတသာနှင့် ကြိုဆိုခဲ့ကြပြီး နံနက် (၉) နာရီအချိန်တွင် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ငုဝါဆောင်ခန်းမ၌ ဝိပ္ပံတွဲဘာသာရပ်ကိုလည်းကောင်း၊ မဟာထူပါရုံဘုရား ဓမ္မာရုံ၌ သိပ္ပံတွဲဘာသာရပ်ကိုလည်းကောင်း၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ မဟာဆောင်ခန်းမ၌ ဝိဇ္ဇာတွဲဘာသာရပ်များအားလည်းကောင်း သင်ကြားပို့ချသည့် အခမ်းအနားကျင်းပပြုလုပ်သည်။

ရှေးဦးစွာအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက ပါမောက္ခဆရာ၊ဆရာမကြီးများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီးနောက် သတ္တဗေဒပါမောက္ခ(ဌာနမှူး) ဒေါက်တာစန်းစန်းရီက ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်မားရေးအတွက် မအူပင်တက္ကသိုလ်မှဘာ သာရပ်အလိုက်သင်ကြားပို့ချမည့် ရည်ရွယ်ချက်များ ကိုရှင်းလင်းပြောကြားသည်။ထို့နောက် မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးမင်းမင်းထွန်းမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ အဆိုပါ ဘာသာရပ်အလိုက်သင်ကြားပို့ချမှုအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၏ လမ်းညွှန်ချက်ဖြင့် မအူပင်တက္ကသိုလ် သတ္တဗေဒပါမောက္ခ (ဌာနမှူး) ဒေါက်တာစန်းစန်းရီနှင့်ဆရာ၊ ဆရာမကြီးများ၊ မြို့နယ်ပညာရေးမှူးတို့ ပူပေါင်း၍ မော်လမြိုင်ကျွန်းမြို့ နယ်အတွင်းရှိ အမှတ် (၁) အခြေခံပညာအထက် တန်းကျောင်းမဟာဆောင်ခန်းမတွင် ဆရာ/ဆရာမ (၅၃) ဦး ကျောင်းသား/ကျောင်းသူ(၁၂၀)ဦး အားလည်းကောင်း၊ အမှတ် (၂) ခြေခံပညာအထက် တန်းကျောင်း ငုဝါဆောင်ခန်းမတွင် ဆရာ/ဆရာမ(၈၄)ဦး၊ ကျောင်းသား/ကျောင်းသူ(၁၉၁)ဦးအားလည်းကောင်း၊ မဟာထူပါရုံဘုရား ဓမ္မာရုံတွင် ဆရာ/ဆရာမ (၉၉) ဦး၊ ကျောင်းသား/ ကျောင်းသူ (၅၀၈) ဦးအား ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိကဆရာကြီး၊ ဆရာမကြီးများမှ ဘာသာရပ်အလိုက်သင်ကြားပို့ချ ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးမင်းမင်းထွန်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ မြို့မိမြို့ဖများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)