နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးထုတ်လုပ်ခြင်းဆောင်ရွက်ရန် ဝယ်ယူ၊ ကြိတ်ခွဲ၊ တင်ပို့သူအစုအဖွဲ့၊ သွင်းအားစုအဖွဲ့၊ တောင်သူအစုအဖွဲ့တို့ သဘောတူစာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကျင်းပ

ကျောက်ဆည် ဖေဖော်ဝါရီ  ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီက တောင်သူများလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးထုတ်လုပ်ခြင်းဆောင်ရွက်ရန် ဝယ်ယူ၊ ကြိတ်ခွဲ၊ တင်ပို့သူအစုအဖွဲ့၊ သွင်းအားစုအဖွဲ့၊ တောင်သူအစုအဖွဲ့တို့ သဘောတူစာချုပ်ချုပ်ဆိုပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မိုးစပါးစိုက်တောင်သူများအား ချေးငွေ သန်း(၂၀၀)ကျပ်၊ ဆောင်းနေကြာစိုက်တောင်သူများအား ချေးငွေသန်း(၂၂၀)ကျပ် ထုတ်ချေးပေးခဲ့ကြောင်းနှင့် နွေစပါးစိုက်တောင်သူများအား စိုက်ဧက(၂၆၀၀)အတွက် ချေးငွေသန်း(၅၂၀)ကျပ် အား အတိုးနှုန်း သက်သာစွာဖြင့် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ချေးယူသူများအနေဖြင့် မိမိတို့၏ စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်သွားရန်၊ တစ်ဧကပန်းတိုင် အထွက်နှုန်းရရှိရေး၊ သီးနှံအထွက်နှုန်းတိုးတက်ရေး ကြိုးပန်းဆောင်ရွက်သွားကြရန်နှင့် ချေးငွေများကိုလည်း စာချုပ်ပါသတ်မှတ်ရက်အတိုင်း အပြေအကြေပြန်လည်ပေးဆပ်သွားရန်၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် တောင်သူများ မျိုးကောင်း၊ မျိုးသန့်သုံးစွဲနိုင်ရေး ကျေးရွာများတွင် အကျိုးတော်ဆောင်တောင်သူများနှင့် ပူးပေါင်းပြီး မျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သဘာဝမြေဩဇာထုတ်လုပ်အသုံးပြုခြင်း နည်းပညာများ ဖြန့်ဝေပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဝယ်ယူ၊ကြိတ်ခွဲ၊ တင်ပို့သူအစုအဖွဲ့၊သွင်းအားစုအစုအဖွဲ့၊တောင်သူအစုအဖွဲ့တို့ သုံးဦး သုံးဖလှယ်သဘောတူစာချုပ်များ ချုပ်ဆိုခဲ့ကြောင်းနှင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် နွေးစပါးများကို သင်တောင်းကျေးရွာတွင် (၅၀၀)ဧက၊  တောင်နောက်ကျေးရွာတွင် (၂၀၀)ဧက၊ သမန္တလင်းကျေးရွာတွင် (၃၀၀)ဧက၊ ပင်တလည်ကျေးရွာတွင် (၄၀၀)ဧက၊ ငှက္ကတောင်ကျေးရွာတွင် (၃၀၀)ဧက၊၊ ဆူးလေကုန်းကျေးရွာ တွင် (၁၀၀)ဧက၊ ရဲမအူကျေးရွာတွင် (၄၀၀)ဧက၊ ပွတ္တိုင်ကျေးရွာတွင် (၄၀၀)ဧက စုစုပေါင်း(၂၆၀၀)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်၊ကျောက်ဆည်