ပျဉ်းမနား ဖေဖော်ဝါရီ ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကျီးအင်းကျေးရွာ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပျဉ်းမနားမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းထွန်းအောင်နှင့် ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပျဉ်းမနားမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းထွန်းအောင်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသက် ၁၀ နှစ်ပြည့်ပြီးသူများနှင့် အသက် ၁၈ နှစ်ပြည့်ပြီး သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ဥပဒေနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း၊ နိုင်ငံသားအခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရေး နိုင်ငံသားတိုင်း ရယူပိုင်ဆိုင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှု အခြေအနေတို့နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ကျီးအင်းကျေးရွာအုပ်စု၊ ကျီးအင်းကျေးရွာအတွင်းရှိ ပြည်သူ ၄၀ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူသည့်လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)