ပျော်ဘွယ် ဖေဖော်ဝါရီ ၆
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိ ပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ရှမ်းပွဲရပ်ကွက်ရှိ မှန်နန်းဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်ဝင်းက ကျောင်းသား၊ကျောင်းသူများအနေဖြင့် ဟောပြောသည့် အချက်များကို လေ့လာမှတ်သားတတ်စေရေး ဆွေးနွေးမှာကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်က အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကျောင်းစာတွင်သာမက ဗဟုသုတရရှိစေမည့် စာပေများကို လေ့လာဖတ်ရှုရန်လိုအပ်ပါကြောင်းနှင့် ရွေးချယ်ဖတ်ရှုသင့်သည့် စာပေများအကြောင်းကို ကျောင်းသား၊ ကျောင်းသူများအတူ အပြန်အလှန် ရှင်းလင်းဟောပြောသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များ၊ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)