ဓနုဖြူမြို့နယ်၌ ကျောင်းသား၊ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ဓနုဖြူ ဖေဖော်ဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ကာ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ရွှေကညင်ပင်ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ရွှေကညင်ပင်ကျောင်း ရွှေပညာခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မေစိုးက လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးအောင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး ရွေကညင်ပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူမအင်ကြင်းချိုက လူငယ်နှင့်ရည်မှန်းချက် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသား မောင်မြတ်ဘုန်းကိုက လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကျောင်းသူ မသူဇာလင်းက လူငယ်နှင့်ကျန်းမာရေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ ကျောင်းသူ မချယ်ရီပြည့်ဖြိုးက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသား မောင်နေသူချမ်းမြေ့က လူငယ်နှင့်ကြီးပွားရေးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းပြနည်းစနစ်မှူး ဒေါ်ရီရီဝင်းက လမ်းလျှောက်ခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများအကြောင်းကို ဆွေးနွေးခဲ့သည်။ ဆက်လက်၍ စာတ်ဖတ်ရှိန်မြှင့်တင်းရေး အသိပညာပေးဟောပြောပွဲများကျင်းပခဲ့ပြီး၊ အ.ထ.က (ခွဲ) ရွှေကညင်ပင် ကျောင်းအုပ်ဆရာကြီး ဦးဇော်ဝင်းထွဋ်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

လူငယ်စကားဝိုင်းအပြီးတွင် တက်ရောက်လာသူများနှင့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များ၊ လူကုန်ကူးမှုပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသ၊ စာအုပ်စာစောင်များကိုစိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ထိုက်စုကြည်နှင့်အဖွဲ့ဝင်များ၊ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော် (ပြန်/ဆက်)