ပုသိမ်ကြီး ဖေဖော်ဝါရီ ၆
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မြို့နယ်မြေပြင်လူဦးရေစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ မြို့နယ်အတွင်းရှိ လူဦးရေစာရင်း မှန်ကန်စေရေး၊ မြေပြင်ကွင်းဆင်း စာရင်းစိစစ်မှုများကို ဖေဖော်ဝါရီလ ၃ ရက်နေ့မှစ၍ ဆောက်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက နန်းဦးလွင်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် အိမ်ထောင်စု အမှတ်စဥ်နှင့် မိသားစုအမှတ်စဥ်များကို နေရပ်လိပ်စာအတိုင်း၊ နေထိုင်ခြင်း ရှိ/မရှိ၊ စာရင်းပြုစုခြင်း၊ သေဆုံးစာရင်းများ အတည်ပြုခြင်း၊ စာရင်းရှိသော်လည်း မြေပြင်တွင် နေထိုင်မှုမရှိသူများနှင့် စာရင်းမရှိ နေထိုင်သူများ စာရင်းပြုခြင်း၊ မည်သည့်လက်မှတ်မျှ ကိုင်ဆောင်ခြင်း မရှိသူများ၊ အိမ်ထောင်စုစာရင်း မရှိသူများအား စိစစ်၍ အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ်တစ်ခုခု ရရှိစေရေးတို့ကို ကွင်းဆင်း ဆောင်ရွက်ပေးမည်ဖြစ်သည်။
အဆိုပါ ကွင်းဆင်းရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မျိုးအောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးကျော်မင်းထွန်း၊ မြို့နယ်မြေပြင်စာရင်းကောက်ယူရေး ကော်မတီဝင်များမှ ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို (ပြန်/ဆက်)