တာချီလိတ်ညဈေး (Tachileik Night Market)ဖွင့်လှစ်ရောင်းချနိုင်ရန် နေရာသတ်မှတ်မှု တည်နေရာအတွက် မဲနှိုက်နေရာ ချပေး

တာချီလိတ် ဖေဖော်ဝါရီ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ ဂေါက်ကွင်းသွားလမ်းတွင် ညဈေး (Tachileik Night Market)ဖွင့်လှစ်ရောင်းချနိုင်ရန် နေရာသတ်မှတ်မှု တည်နေရာအတွက် မဲနှိုက်နေရာချပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက အောင်မြတ်ခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က အဖွင့်အမှာစကားပြောကြားပြီး ညဈေးကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများက ညဈေးနေရာသတ်မှတ်မှု တည်နေရာချထားမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ဈေးသူ၊ ဈေးသားများက သိရှိလိုသည်များကို မေးမြန်းရာ အမှုဆောင်အရာရှိက ပြန်လည်ရှင်းလင်းဖြေကြားပြီး ဈေးသူ၊ ဈေးသားများအား ဆိုင်ခန်းနေရာများအတွက် မဲနှိုက်နေရာချပေးခဲ့သည်။

အဆိုပါ ဂေါက်ကွင်းလမ်းတွင် ဖွင့်လှစ်မည့် တာချီလိတ်မြို့ညဈေး(Tachileik Night Market)တွင် Entertainment Zone၊ Public Toilet များထားရှိပြီး အဝတ်အထည်နှင့် လက်ဆောင်ပစ္စည်းဆိုင်တန်း ၃၅ ခန်း၊ အသီးအနှံဆိုင်တန်း ၇ ခန်း၊ အစားအသောက်နှင့် အအေးဆိုင်တန်း ၁၆၇ ခန်း၊ ၁၀ ပေ ၆ ပေရှိ လက်တွန်းလှည်းများ ၆၀ ခု၊ ၁၀ ပေပတ်လည် မိုးကာတဲ ၂၂၉ ခန်း၊ ၁၀ ပေ ၆ ပေ သုံးဘီးနှင့် ဘေးတွဲ ၄၆ ကွက်၊ Car Parking ၂ ခု၊ Motorcyle Parking ၂ ခုနှင့် Night Market မုခ်ဦး ၁ ခုပါရှိကာ စတင်ဖွင့်လှစ်မည့် ပထမလကို အခမဲ့ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)