ငါးသိုင်းချောင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ငါးသိုင်းချောင်း ဖေဖော်ဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် လူငယ်များအသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေကြည်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို အခြေခံပညာမူလတန်း၊ ရေတံခွန်ကျောင်း၌ ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အခြေခံပညာမူလတန်း၊ ရေတံခွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ထွေးအိချိုက အဖွင့်အမှာစကားပြောကြားပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဦးခင်မောင်မြင့် ကကျောင်းသား/ ကျောင်းသူများအား ပြည်ထောင်စုနေ့ ဒို့မမေ့ခေါင်းစဉ် ဖြင့်အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။

ဆက်လက်၍ရေကြည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးအေးမင်းလတ်က လူငယ်နှင့်အစားအသောက်ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ရေကြည်မြို့နယ်၊ ကြက်ခြေနီအသင်းခွဲ၊ ဒုတိယမြို့နယ်တပ်ဖွဲ့မှူးဦးခင်မောင်သန်းက ကြက်ခြေနီအကြောင်း သိကောင်းစရာခေါင်းစဥ်ဖြင့်လည်းကောင်း၊ ရေကြည်မြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနည်းပြ၊ နည်းစနစ်မှူးဦးဝေယံထွန်းက လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့်လည်းကောင်းဆွေးနွေးပြောကြားပြီးအခြေခံ ကိုယ်လက်လေ့ကျင့်လှုပ်ရှားမှုများကို ကျောင်းသား၊ကျောင်းသူ လေးများနှင့်အတူ လက်တွေ့ပြသလုပ်ဆောင် ကာအားကစားပစ္စည်းများကို လှူဒါန်းပေးအပ်ခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတိုက်ဖျက်ရေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ငါးသိုင်းချောင်း (ပြန်/ဆက်)