နမ့်စန်(တ) ဖေဖော်ဝါရီ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော စာဖတ်ရှိန်မြှင့်တင်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက မိုင်းစိတ်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးတို့ကို အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကိုကိုက “လူငယ်နှင့်ခေါင်းဆောင်မှု၊ လူငယ်နှင့်အားကစား၊ အားကစားနှင့် ကျန်းမာရေး” စသည့်ခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်းများပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သူဇာခိုင်က လက်ခံရယူခဲ့သည်။
ထို့နောက် နမ့်စန်မြို့နယ်မှ မြို့နယ်လက်ရွေးစင်လက်ဝှေ့နှင့် ဗိုဗီနမ်အားကစားသမားများက ကျောင်းသား၊ ကျောင်းသူများကို မြန်မာ့ရိုးရာလက်ဝှေ့နှင့် ဗိုဗီနမ် အခြေခံကစားကွက်များအား သရုပ်ပြကစားပြသခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ရွေ့လျားစာကြည့်တိုက်ဆောင်ရွက်၍ သုတ/ရသစာအုပ်များ ငှားရမ်းပေးခြင်း၊ စာဖတ်ဝိုင်းဆောင်ရွက်ပေးခြင်း၊ ခွက်မှောက်ဂိမ်း၊ ပူစီဖောင်းညှပ်ဂိမ်းမျာနှင့် အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)