မူဆယ် ဖေဖေါ်ဝါရီ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊မူဆယ်မြို့တွင် (၇၈)နှစ်မြောက် ရှမ်းအမျိုးသားနေ့ အထိမ်းအမှတ် ခရိုင်အုပ်ချုပ်ရေးမှူးဖလား ကြက်တောင်ရိုက်ပြိုင်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ မိနစ် ၃၀ အချိန်က ခရစ်ယာန်ရပ်ကွက်ရှိ ခရိုင်မိုးလုံလေလုံအားကစားရုံခန်းမအတွင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် လူငယ်များကိုအလေးထား၍ လူငယ်ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုလို အားကစားလှုပ်ရှားမှုပြိုင်ပွဲများကို မူဆယ်မြို့အနေဖြင့် ဆောင်ရွက်ပေးနေပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် ကမ္ဘောဇကြက်တောင်ကလပ်အသင်း၊ ဒုတိယဥက္ကဋ္ဌ ဦးစောလူက ပြိုင်ပွဲဝင်များအနေဖြင့် သန့်ရှင်းစင်ကြယ်စွာ၊ စည်းကမ်းရှိစွာဖြင့် ပြိုင်ပွဲဝင်ကြရန် အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် အကအဖွဲ့များမှ အကအလှများဖြင့်ကပြဖျော်ကြရာ ကပြဖျော်ဖြေမှုအပြီးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ရပ်မိရပ်ဖ ဦးကိန်မိုင်က အကအဖွဲ့အလိုက် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ယနေ့ပြိုင်ပွဲကို မူဆယ်မြို့နှင့် နမ့်ခမ်းမြို့တို့မှ သက်ကြီးပြိုင်ပွဲဝင်(၂)ဦးစီတို့ဖြင့် ပြိုင်ပွဲကို စတင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လင်းနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အားကစား ဝါသနာပါသူပြည်သူများ တက်ရောက်ကြည့်ရှုခဲ့ကြသည်။
အဆိုပါပြိုင်ပွဲသို့ မူဆယ်မြို့နှင့် နမ့်ခမ်းမြို့တို့မှ ကြက်တောင်ရိုက်အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကာလကို ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၆ ရက်နှင့် ၇ ရက် (၂) ရက်တာကာလတွင် ယှဉ်ပြိုင်ကစားကြပြီး ဖေဖေါ်ဝါရီလ ၇ ရက်နေ့ ရှမ်းအမျိုးသားနေ့ ညနေပိုင်းတွင် ဆုရရှိသူများကို တာဝန်ရှိသူများမှ ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)