မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် (၇၈)နှစ်မြောက် ပြည်‌‌ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲနှင့် ပန်းချီ‌ပြိုင်ပွဲ ကျင်းပ

စဉ့်ကိုင် ဖေဖော်ဝါရီ ၆

၂၀၂၅ခုနှစ်၊‌ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်(အကြို) အဖြစ် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်း၍ စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community centre)  ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ကျောင်းသား/ သူကလေးငယ်များ စာပေနှင့်ထိတွေ့၍ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရှိပြီး စာပေချစ်မြတ်နိုးသည့်စိတ်များပေါ်ပေါက်လာကာ ပေဖတ်ရှုခြင်းဖြင့် အတွေးအမြင်ဗဟုသုတများ ပိုမိုကြွယ်ဝလာစေရန်၊ စာဖတ်စွမ်းရည်များ တိုးတက်လာစေရန်၊ အသိပညာ ဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် အထိမ်းအမှတ်နေ့များကို အစဉ်အောက်‌မေ့ သတိရ‌စေရန် စသည်တို့ကို ရည်ရွယ်၍ ယခုလိုပြိုင်ပွဲများ ကျင်းပပေးရခြင်း‌ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အမှတ်ပေးဒိုင်များက ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများနှင့် အမှတ်ပေးဇယားများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စာစီစာကုံးပြိုင်ပွဲကို ကျင်းပခဲ့ရာ အလယ်တန်းအဆင့် ကျောင်းသား/သူ(၁၂)ဦးတို့က "ပြည်ထောင်စုနေနှင့် လူငယ့်တာဝန်" ခေါင်းစဉ်ဖြင့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့အတူ  ပန်းချီပြိုင်ပွဲကို မွန်းလွဲ (၁)နာရီအချိန်တွင် ဆက်လက်ကျင်းပခဲ့ရာ အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ(၁၀)ဦးတို့က "ဖွံ့ဖြိုးသာယာ ဒို့ကျေးရွာ" ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ‌ကြောင်းနှင့် ပြိုင်ပွဲများအပြီးတွင် ကျောင်းသား/သူများက ‌ခန်းမအတွင်း ပြသထားသော သုတ/ရသ စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာဖတ်မှတ်ခဲ့ကြကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)