ချမ်းအေးသာစံ ဖေဖော်ဝါရီ ၇
ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများနှင့် မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်စေရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မဲဆန္ဒရှင်စာရင်းများ ပြုစုရာတွင် အထောက်အကူဖြစ်စေရန် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်နေမှုအခြေအနေများ၊ လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အကြိုပြင်ဆင်သည့် အခြေခံမဲစာရင်းတွင် ပါဝင်ရမည့် လူဦးရေစာရင်းများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့ ပူးပေါင်း၍ မြေပြင်တိုက်ဆိုင်စိစစ်မည့် လုပ်ငန်းစဉ်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပံ့ပိုးကူညီဆောင်ရွက်မည့် အခြေအနေများအား ဆွေးနွေးပြောကြားခဲ့သည်။
၎င်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက ရွေးကောက်ပွဲ ကျင်းပရာတွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ အခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရေး၊ မဲစာရင်းများ ဖောင်းပွမှုမရှိစေရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့ပူးပေါင်း၍ မြေပြင်စာရင်းတိုက်ဆိုင်စိစစ်ရေး လုပ်ငန်းများဆောင်ရွက်မည့် အစီအစဉ်အားလည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ဦးသန်းအောင်ကျော်က မန္တလေးတိုင်းဒေသကြီး၏ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးနှင့် ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း) တာဝန်ခံဦးမြင့်ဦးက ရှမ်းပြည်နယ်(မြောက်ပိုင်း) ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ဝန်ထမ်းများအနေဖြင့် မန္တလေးတိုင်းဒေသကြီးတွင် ယာယီတွဲဖက်တာဝန်ထမ်းဆောင်နေမှုနှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်းက ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်စေရေး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူးက မြေပြင်ကွင်းဆင်း စာရင်းကောက်ယူမှုလုပ်ငန်းများတွင် တိုင်း/ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့နှင့် ပူးပေါင်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ တိုင်းဒေသကြီး ရွေးကောက်ပွဲ အရာရှိက မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေးနှင့် မဲရုံများလျာထားနိုင်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တို့မှ ပူးပေါင်းဆောင်ရွက်နေမှုတို့အားလည်းကောင်း ရှင်းလင်းတင်ပြကြပြီးနောက် အစည်းအဝေးသို့ တက်ရောက်လာသူများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းကလည်း မန္တလေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ အရာထမ်း၊ အမှုထမ်းများ၊ မန္တလေးတိုင်းဒေသကြီးတွင် ယာယီတွဲဖက်တာဝန်ထမ်းဆောင်လျက်ရှိသော ရှမ်းပြည်နယ် (မြောက်ပိုင်း) ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ အရာထမ်း၊ အမှုထမ်းများအားတွေ့ဆုံ၍ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုကိစ္စရပ်များနှင့် ဝန်ထမ်းရေးရာ ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်