နောင်ချိုမြို့နယ်၌ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း (Mask ) တပ်ဆင်ရေး ခုဝယ်ခုတပ် ကြပ်မတ်ဆောင်ရွက်

 

နောင်ချို ဒီဇင်ဘာ ၄     

              

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊  နောင်ချိုမြို့နယ်၌  ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း Mask တစ်ခုကို ၂၀၀ ကျပ်နှုန်းဖြင့် ခုဝယ်ခုတပ်စနစ်ဖြင့်ကြပ်မတ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီခွဲအချိန်က နောင်ချိုမြို့မဈေး ထောင့် ၄ ခု၌ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

           

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊  စည်ပင်သာယာရေး ကော်မတီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ အပြင်ထွက်တိုင်း Mask ကို စနစ်တကျတပ်ဆင်ရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပေးလမ်းညွှန်ခြင်းတို့ကို ဆောင်ရွက်ပြီး Mask နှာခေါင်းစည်း တပ်ဆင်လာခြင်းမရှိသူများအား တစ်ခုလျှင် ၂၀၀ကျပ်နှုန်းဖြင့် ခုဝယ်ခုတပ်စနစ်ဖြင့် ချက်ချင်းဝယ်ယူတပ်ဆင်စေခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တစ်ပတ်လျှင် (၂) ကြိမ် ဆောင်ရွက် သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် နှာခေါင်းစည်း Mask တပ်ဆင်သည့် အလေ့အကျင့်ရရှိစေရန် ရည်ရွယ်၍ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

 

ထွေးငယ်(နောင်ချို-ပြန်ဆက်)