ပြင်ဦးလွင် ဖေဖော်ဝါရီ ၇
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ.မ.က(၃)ကျောင်းတို့ပူးပေါင်း၍ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို ယနေ့နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲများကိုကျင်းပရာ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများတွင် ကျောင်းသား/ကျောင်းသူ (၁၅)ဦးစီတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက်ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ကျောင်းသား/ကျောင်းသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို စိတ်၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးလာစေရန်နှင့် နေ့ထူးနေ့မြတ်များကို အစဉ်သတိရစေရန်ရည်ရွယ်၍ သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများကို လစဉ်စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သွေးသွေး(ပြန်/ဆက်)