နမ့်စန်(တ) ဖေဖော်ဝါရီ ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် နမ့်စန်မြို့နယ်နှင့် ခိုလမ်မြို့ စည်ပင်သာယာရေးဌာနတို့မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်နှင့် သားသတ်လိုင်စင်လုပ်ကိုင်ခွင့်များကို ဈေးပြိုင်စနစ်ဖြင့် လေလံရောင်းချပွဲအခမ်းအနားအား ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်စည်ပင်သာရေးဌာနရုံးခန်းမတွင် ကျင်းပခဲ့ရာ နမ့်စန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးအောင်နိုင်ဦးနှင့် မြို့နယ်လေလံရောင်းချရေးကြီးကြပ်မှုအဖွဲ့များ၊ လေလံဆွဲဝယ်ယူမည့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်လေလံရောင်းချရေးကြီးကြပ်မှုအဖွဲ့ခေါင်းဆောင် ဦးဇေယျာဟန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး လေလံရောင်းချရေးအဖွဲ့ အတွင်းရေးမှူး ဦးကျော်မင်းထွန်းက အရပ်ရပ်အခွင့်အရေးလိုင်စင်နှင့် သားသတ်လုပ်ငန်းလိုင်စင်များ၏ လေလံစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဈေးပြိုင်စနစ်ဖြင့် လေလံရောင်းချပွဲကိုဆောင်ရွက်ခဲ့ပြီး နမ့်စန်မြို့နယ်နှင့် ခိုလမ်မြို့ စည်ပင်သာယာရေးဌာနတို့၏ အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင် (၆) ခုအတွက် ကြမ်းခင်းဈေး (၉၃၈)သိန်းအပေါ်တွင် (၉၆၃)သိန်းကိုလည်းကောင်း၊ သားသတ်လိုင်စင် (၂၂)ခုအတွက် ကြမ်းခင်းဈေး (၁၅၅၃)သိန်းအပေါ်တွင် (၁၉၁၉)သိန်း လေလံရောင်းချနိုင်ခဲ့ကြောင်းနှင့် ကျန်ရှိသည့် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်များကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ဒုတိယအကြိမ် ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
သူရအောင်(နမ့်စန်)