မိုင်းခုတ်မြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) မြို့အုပ်ချုပ်ရေးမှူးဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

မိုင်းခုတ် ဖေဖော်ဝါရီ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်(အကြို) မြို့အုပ်ချုပ်ရေးမှူးဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၃) နာရီ (၃၀) မိနစ်အချိန်က မိုင်းခုတ်မြို့အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ အခမ်းအနားတွင် နိုင်ငံတော်အလံအားအလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းအား သီဆိုပြီးနောက် မိုင်းခုတ်မြို့ မြို့အုပ်ချုပ်​ရေးမှူး ဦးမျိုးသန့်က အဖွင့်အမှာစကားပြောကြားရာတွင် မိုင်းခုတ်မြို့အတွင်းရှိ ထူးချွန်အားကစားသမားလူငယ်များ ပေါ်ထွန်းလာစေရေးနှင့် လူငယ်အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေးအတွက် ကျင်းပရခြင်းဖြစ်ပြီး အားကစားသမားများအနေဖြင့် အနိုင်အရှုံးကိုပဓာနမထားဘဲ အားကစားစိတ်ဓာတ်နှင့် ပျော်ပွဲရွှင်ပွဲအဖြစ်ယှဉ်ပြိုင်၍ ကစားကြရန်ပြောကြားခဲ့သည်။

ထို့နောက် ပြိုင်ပွဲဝင်ကစားသမားများက ကွင်းအတွင်းမှထွက်ခွာလာကာ ဖွင့်ပွဲအနေဖြင့် မိုင်းခုတ်လူငယ်FC(က)အသင်းနှင့် အ.မ.တ(၃၈၇)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ လူငယ်FC(က)အသင်းမှ အ.မ.တ(၃၈၇)အသင်းအား (၈)ဂိုး (၃)ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကိုပြိုင်ပွဲဝင်အသင်း(၆)သင်းဖြင့် ဖေဖော်ဝါရီလ(၆)ရက်နေ့မှ (၁၂)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီထံမှ သိရသည်။

အောင်လွင်ဌေး(ပြန်/ဆက်)