ရတနာပုံတက္ကသိုလ် (၂၅) နှစ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ

အမရပူရ ဖေဖော်ဝါရီ ၇

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ကျရောက်မည့် အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်၏ (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါတက္ကသိုလ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲတွင် ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက အဖွင့်ဂုဏ်ပြု အမှာစကား ပြောကြားသည်။ ထို့နောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ကျင်းပရာ ဘာသာရပ် ဌာနအသီးသီးမှ ပြိုင်ပွဲဝင်အသင်း ၂၀ သင်းနှင့် စီမံရေးရာဌာနအသင်း တစ်သင်းတို့ ပါဝင်သည့် ပြိုင်ပွဲဝင်အသင်းပေါင်း ၂၁ သင်း တို့၏ ယှဉ်ပြိုင်မှုကို ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသည့် ဒေါက်တာသွယ်လင်းကို၊ ဒေါက်တာခင်မော်မော်စိုး၊ ဒေါက်တာဦးဝင်းနိုင်၊ ထမနဲထိုးပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာနှင်းနှင်းဋ္ဌေး၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ အမှတ်ပေးအကဲဖြတ်ဒိုင်များ၊ ဆရာ၊ ဆရာမများ၊ စီမံရေးရာတာဝန်ရှိသူများနှင့် စီမံဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးကြသည်။

ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲတွင် ပထမဆုရရှိသည့် အင်္ဂလိပ်စာဘာသာရပ်အသင်း၊ ဒုတိယဆုရရှိသည့် ဒဿနိကဗေဒဘာသာရပ်အသင်း၊ တတိယဆုရရှိသည့် မြန်မာစာအသင်း၊ နှစ်သိမ့်ဆု (၁) ရရှိသည့် သတ္တဗေဒအသင်းနှင့် နှစ်သိမ့်ဆု(၂) ရရှိသည့် သမိုင်းအသင်းတို့အား ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမာက္ခချုပ်များနှင့် ထမနဲထိုးပြိုင်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌတို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)