ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲသို့ တက်ရောက်ချီးမြှင့်

ဟားခါး ဖေဖော်ဝါရီ ၇

အားကစားနှင့်ကာယပညာဝန်ကြီးဌာနနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ချင်းပြည်နယ်လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္ထ၊ မိတ္တ ၊ ဘောဂစသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အနာဂါတ်၏ ခေါင်းဆောင်နိုင်မည့် လူရည်ချွန်လူရည်မွန်များ ဖြစ်လာစေရန်အတွက် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပရခြင်းဖြစ်ကြောင်း၊ လူငယ်ဆိုတာ ပင်ကိုသဘာဝအရ နုပျို လန်းဆန်းနေချိန်၊ လှပချောမောနေချိန်၊ သွက်လက်ထက်မြက်နေချိန်၊ အရာရာကို စူးစမ်းလိုစိတ် ရှိချိန်၊ ခွန်အားဗလအားအင်ပြည့်ဖြိုးနေချိန်ဖြစ်ပြီး အမြဲလိုလို ယှဉ်ပြိုင်လိုစိတ်ရှိပြီး အရာရာကို လုပ်ချင်စိတ်ရှိသည့် အရွယ်ဖြစ်ကြောင်း၊ လူငယ်တစ်ယောက် အောင်မြင်တိုးတက်ရန်အတွက် မိမိကိုယ်တိုင် ကြိုးစားရယူ၍ရသကဲ့သို့ ယခုကဲ့သို့ ဟောပြောပွဲများ၊ သင်တန်းများဖွင့်လှစ်ခြင်းဖြင့် ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ကြောင်းနှင့် ယနေ့ဟောပြောမည့် ဟောပြောချက်များကို သေချာမှတ်သားစေလိုပါကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းများအတွက် အားကစားပစ္စည်းများကိုပေးအပ်ရာ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများက လက်ခံရယူကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။

ယင်းနောက် ချင်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းခိုင်ထွန်းက “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက် )