ကြံခင်းမြို့နယ်အတွင်းရှိ အ​ခြေခံပညာကျောင်း ​​(၆)ကျောင်းအား ရေသန့်တွင်း(စက်ရေတွင်း) တူးဖော်ခြင်းလုပ်ငန်းအတွက် အလှူငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကြံခင်း ဖေဖော်ဝါရီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၆)ကျောင်းအတွက်  ဒေါက်တာ သန်းမင်းထွဋ်(ပင်းတယမီးအိမ်ရှင်)၏ အလှူခံမှုအစီအစဥ်ဖြင့် ရေသန့်တွင်း (စက်ရေတွင်း) တူးဖော်ခြင်းလုပ်ငန်းအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာဦးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီ ကပြုလုပ်ခဲ့သည်။

အခမ်းအနားကို မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ကျောင်းကုန်းမြို့နယ် (အ.မ.က)ဒေါင့်ကွေးကျောင်းအုပ်ဆရာကြီး ဦးထွန်းနိုင်လင်းနှင့် မြန်အောင် မြို့နယ်၊ (အ.မ.က) သုံးဆယ်ကျွန်း၊ ရွာသစ်မှ ကျောင်းအုပ်ကြီး ဦးဝေလွင်ဦးတို့က  သောက်သုံးရေ လိုအပ်လျက်ရှိသော ကျောင်း(၆)အား အလှူရှင် ဒေါက်တာ သန်းမင်းထွဋ်(ပင်းတယမီးအိမ်ရှင်) အလှူခံမှု အစီအစဉ်ဖြင့် လှူဒါန်းပေးရခြင်းနှင့် ရေတူးခြင်းလုပ်ငန်းဆောင်ရွက်ခြင်း လုပ်ငန်းများအား ရှင်းလင်းပြောကြား​ကြသည်။ ထို့နောက် ကျုံပျော်မြို့နယ် အ.မ.က(ဂရက်ရှည်)ကျောင်းအုပ်ကြီး ဦးကိုကိုအောင်နှင့် ကြံခင်းမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇေမင်းထွန်းတို့က ယခုလိုရေအခက်အခဲရှိသောကျောင်းများကို စက်ရေတွင်းတူးဖော်ပေးခြင်းအတွက် အထူးကျေးဇူးတင် ရှိပါကြောင်းနှင့် ကျန်လိုအပ်နေသော ကျောင်းများကိုလည်း ဆက်လက်လှူဒါန်းပေးနိုင်ပါရန် ပြောကြားသည်။

ထို့နောက် ရေတူးခြင်းလုပ်ငန်းအောင်မြင်သည့် အ.မ.က(ဆင်ကျုံးမျှင်)၊ အ.မ.က(ပေါက်နွယ်စမ်း)၊ အ.မ.က(ရွှေပန်းတော)၊ အ.မ.က(အင်ပင်စမ်း)၊ အ.မ.က(ရှမ်းတောကြီး)နှင့် ထခွဲ(ကရင်စု) ကျောင် စုစုပေါင်း(၆)ကျောင်းအတွက် တစ်ကျောင်းလျှင် ငွေကျပ် ၂၅ သိန်းတိတိနှင့် အလှူရှင် ကမ္ဗည်းမှတ်တမ်းကို တာဝန်ရှိသူများက ပေးအပ်ကြရာ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီး ကျောင်းအကျိုး တော်ဆောင်တို့က လက်ခံရယူခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာကြသော ကျောင်းအုပ်ကြီး များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ရေလိုအပ်သည့် ကျောင်းများအား တင်ပြတောင်းခံခြင်းနှင့် သိရှိလိုသည်များကိုမေးမြန်းကြရာ  တာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)