မြစ်သား ဖေဖော်ဝါရီ ၇
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့ ရွှေသူဌေးရပ်ကွက်ရှိ သံတော်ဦး ကိုယ်ပိုင်အခြေခံပညာအထက်တန်းကျောင်းတွင် မြစ်သားမြို့ရဲတပ်ဖွဲ့မှဦးဆောင်၍ မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီက အဆိုပါ ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြစ်သားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး မြစ်သားမြို့မ စခန်းမှူး ဒုရဲမှူး လင်းလင်းထွန်းက လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို ပညာပေးရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ဇော်မင်းထွေးက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်း သိကောင်းစရာများနှင့် ဆောင်ရန်၊ ရှောင်ရန်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်း အသိပညာပေး အကြောင်းအရာများကို ဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်ပြုံးကြည်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြစ်သားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူး ဘိုဘိုအောင်၊ မြိုနယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်း၊ မြို့နယ်ဒုတိယရဲတပ်ဖွဲ့မှူး ဒုရဲမှူး ဇော်မင်းထွေး၊ မြစ်သားမြို့မရဲစခန်းမှူး ဒုရဲမှူး လင်းလင်းထွန်းနှင့်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ပြုံးကြည်၊ သံတော်ဦး ကိုယ်ပိုင်အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးခင်မောင်ဌေးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရဲနိုင်ဦး(မြစ်သား)