လွိုင်ကော် ဖေဖော်ဝါရီ ၉
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် အလေးထားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းစိုးအောင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်တက္ကသိုလ် ပြန်လည်ပြုပြင်ဖွင့်လှစ်နိုင်ရန်အတွက်စုပေါင်း သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများက တက္ကသိုလ်နယ်မြေ ပရိဝုဏ်အတွင်း နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ပြည်နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက လူအင်အား၊ စက်ယန္တရားများဖြင့် တက္ကသိုလ်တွင်းလမ်းများ လမ်းဘေးဝဲ ယာတစ်လျှောက်၊ တက္ကသိုလ်ပင်မဆောင်နှင့် စာသင်ဆောင်များ၊ ဆရာ၊ ဆရာမ အိမ်ရာများ၊ ဝန်ထမ်း အိမ်ရာများ၊ ကျောင်းသားကျောင်းသူ အိပ်ဆောင်များနှင့် စားသောက်ဆိုင်တန်းများ ပတ်ဝန်းကျင်တွင် ချုံနွယ်သစ်ပင်များနှင့် အမှိုက်သရိုက်များအား ရှင်းလင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး ဂရုပြုရန်နှင့်လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက် ကြရန်မှာကြားခဲ့သည်။
ထို့နောက်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက တက္ကသိုလ်နယ်မြေ အဝင်မုခ်ဦး၊ တက္ကသိုလ်တွင်း လမ်းများနှင့် အဆောင်များပတ်ဝန်းကျင် စိုက်ပျိုးထားသည့် သစ်ပင်ပန်းမံများ စိမ်းလန်းစိုပြည်စေရေးအတွက် စဉ်ဆက်မပြတ် ပြုပြင်ထိန်းသိမ်းသွားရန်၊ တက္ကသိုလ်နယ်မြေအတွင်း ဆက်သွယ်ရေး လိုင်းများပိုမိုကောင်းမွန်စေရေးနှင့် လျှပ်စစ်ဓာတ်အားရရှိရေး စနစ်တကျဆောင်ရွက်ပေးရန်တာဝန်ရှိ သူများအားမှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသိရသည်။
ကိုဇင်(ပြန်/ဆက်)