မိုးကောင်းမြို့၌ စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များ သတ်မှတ်စံချိန်စံနှုန်း A အဆင့်ကိုက်ညီမှု ရှိ/မရှိ ထပ်မံစစ်ဆေး

မိုးကောင်း      ဒီဇင်ဘာ        ၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ ပါဆယ်စနစ်ဖြင့်ရောင်းချရာမှ ဆိုင်ထိုင်စနစ်သို့ပြန်လည်ရောင်းချခွင့် ပြုနိုင်ရေးအတွက် သတ်မှတ် စံချိန်စံနှုန်း A အဆင့် ကိုက်ညီမှုရှိ/မရှိ ယနေ့နံနက်ပိုင်းတွင် ထပ်မံစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆိုင်ထိုင်စားသောက်စနစ်ပြန်လည်ခွင့်ပြုရန်အတွက် ကိုဗစ်စည်းကမ်းများလိုက်နာ ဆောင်ရွက်စေ ရေး မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်ထွန်း၊ မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာကောင်းမြတ်စံ ဦးစီးအဖွဲ့တို့က မြို့နယ်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ စည်ပင်အမှုဆောင်အရာရှိ ဦးမျိုးဌေးနှင့် စည်ပင်သာယာရေး ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနတပ်ဖွဲ့ဝင်များ လိုက်ပါလျက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စံနှုန်းသတ်မှတ်ချက်များနှင့်အညီ ကိုက်ညီမှုရှိ/မရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် ခေါက်ဆွဲဆိုင်များအား စစ်ဆေးခဲ့ကြသည်။

ထိုသို့စစ်ဆေးရာတွင် ဆိုင်များ၏တာဝန်ရှိသူများကို လိုအပ်ချက်များမှာကြား၍ အဆိုပါဆိုင်များအားပြန်လည်စိစစ်ပြီး သတ်မှတ် စံချိန်စံနှုန်းနှင့်ကိုက်ညီသော A အဆင့်ရဆိုင်များကိုသာ ပြန်လည် ဆိုင်ထိုင်စားသောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)