လွိုင်ကော် ဖေဖော်ဝါရီ ၈
ကယားပြည်နယ်၊ လွိုင်ကော်ပညာရေးဒီဂရီကောလိပ် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းအခမ်းအနားနှင့် ဘောလုံးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်) ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကျော်ခိုင်၊ ပြည်နယ်တရားသူကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းစိုးအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ဆက်လက်ပြီး လွိုင်ကော်ပညာရေးဒီဂရီကောလိပ် အားကစားပြိုင်ပွဲတွင် အမျိုးသားဘောလုံးပြိုင်ပွဲ ကျန်စစ်သားအသင်းနှင့် ဘုရင့်နောင်အသင်းတို့ ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားနေမှုကို တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြပြီး ဘောလုံးပွဲတွင် တစ်ဖက် (၁)ဂိုးစီဖြင့် သရေကျသောကြောင့် ပင်နယ်တီအဆုံးဖြတ်ကိုခံယူရာ ဘုရင့်နောင်အသင်းက ကျန်စစ်သားအသင်းကို (၄)ဂိုး (၂)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ထို့နောက်ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဆုရရှိကြသောအသင်းများအား ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်ကျော်ခိုင်ကလည်းကောင်း၊ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဆုရရှိကြသောအသင်းများအား ပြည်နယ်တရားသူကြီးချုပ်ကလည်းကောင်း၊ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ဆုရရှိကြသော အသင်းများအား ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ဆုရရှိကြသော အသင်းများအား ပြည်နယ်သယံဇာတရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆုရရှိကြသော အသင်းများအား ပြည်နယ်လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသားစားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ဆုရရှိကြသော အသင်းများအား ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကလည်းကောင်း၊ အမျိုးသားလွန်ဆွဲပြိုင်ပွဲတွင် ဆုရရှိကြသော အသင်းများအား ပြည်နယ်ဥပဒေချုပ်ကလည်းကောင်း အမျိုးသမီးလွန်ဆွဲပြိုင်ပွဲတွင် ဆုရရှိကြသော အသင်းများအား ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးကလည်းကောင်း ဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားများအား အသီးသီးချီးမြှင်ခဲ့ကြပြီး ပြိုင်ပွဲဝင်အားကစားမောင်မယ်များနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ကိုဇင်(ပြန်/ဆက်)