ကန်ကြီးထောင့်မြို့တွင် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်‌ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ကန်ကြီးထောင့်   ဒီဇင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ် ဖြည့်စွက် ခွင့်ပြုငွေတောင်းခံရန်နှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ် စီမံကိန်း ရည်မှန်းရန် အဆိုပြုချက်ရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာသီရိသုခခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှကြိုင်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးစိုးမိုးထွန်း၊ ဒေါ်ခင်စောမူနှင့် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည် ဖော်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်တို့မှ လိုအပ်သည်များကို အကြံပြုဆွေးနွေး မှာကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာဆွေမှ တိုင်းဒေသကြီး၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း နိုင်ငံပိုင်အခန်းမှ ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများနှင့်ရင်းနှီးမြှုပ်နှံမှု လျာထားအဆိုပြုချက်များနှင့် ပက်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

နန်းထိုက် (ပြန်/ဆက်)