ကွမ်းလုံ ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့နယ်တွင် သက်ငယ်မုဒိန်းနှင့် ကျားမအခြေပြု အကြမ်းဖက်မှု အသိပညာပေးသင်တန်းကို လားရှိုးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ Online Zoom စနစ်ဖြင့် ယနေ့နံနက် ၉ နာရီအချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်၊၊
ရှေးဦးစွာ လားရှိုးခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက အဖွင့်အမှာစကား ပြောကြားပြီး ဦးစီးမှူး ဒေါ်အေးမင်းမင်းစံက “မိမိတို့ဒေသမှာ အကူအညီလိုအပ်နေသည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို ပိုမိုကူညီပေးနိုင်ရန်၊ သက်ငယ်မုဒိမ်းကင်းစင်ရေး အားလုံးပူးပေါင်းဆောင်ရွက်ရေး၊ ကျားမတန်းတူအခွင့်အရေး ရရှိနိုင်ရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ လျှော့ချနိုင်ရေး၊ သက်ငယ်မုဒိမ်းဖြစ်ပွားရသည့် အကြောင်းအရင်းနှင့် ပြစ်ဒဏ်များအကြောင်း” တို့ကို ဆွေးနွေးပို့ချခဲ့သည်။
အဆိုပါ သင်တန်းသို့ ကွမ်းလုံမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းများမှ သင်တန်းသူ(၁၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုင်းဇော်ခမ်း(ကွမ်းလုံ)