သီပေါ ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အမျိုးသမီးကော်မတီမှ ကြီးမှူး၍ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုရပ်တန့်စေရေး ၁၆ ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ် အမျိုးသမီးကော်မတီအဖွဲ့ဝင် ဒေါ်လှလှရွှေမှ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုနှင့်ပတ်သက်၍ အကြောင်းအမျိုးမျိုးသော စိတ်ခံစားရခြင်းမှ အကြမ်းဖက်မှု ဖြစ်လာရခြင်းဖြစ်ကြောင်း၊ ငွေကြေး ၊ လိင်ပိုင်းဆိုင်ရာနှင့်ပတ်သက်၍ အကြမ်းဖက်မှုများဖြစ်ပေါ်လာ တတ်ကြောင်း၊ အမျိုးသမီးများ သာမက မသန်စွမ်းသူများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများတို့တွင်လည်း အကြမ်းဖက်မှုများ ခံစားရလျက်ရှိကြောင်း၊ ကမ္ဘာပေါ်တွင်အမျိုးသမီးများသည် အကြမ်းဖက်မှုအမျိုးမျိုးကို ခံစားနေရကြောင်း ကျယ်ပြန့်စွာ သိရှိကြစေရန်နှင့် အကြမ်းဖက်မှုပပျောက်ရေး လှုပ်ရှားမှုများတွင် အမျိုးသမီးများအားလုံးပါဝင် ဆောင်ရွက်ကြစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အမျိုးသမီးကော်မတီဝင်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဒေါ်စန်းစန်းသွယ်က အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုများသည် နိုင်ငံအသီးသီးတွင် ပိုမိုမြင့်တက်လာနေပြီဖြစ်ကြောင်း၊ အမျိုးသမီးများ အကြမ်းဖက်ခံရခြင်း ကနေ ကာကွယ်ဆောင်ရွက်ပေးရန် ပြည်တွင်း၊ ပြည်ပ အမျိုးသမီးဆိုင်ရာ အဖွဲ့အစည်းများ၊ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများက အင်တိုက်အားတိုက် တောင်းဆိုလာကြသည်များ တွေ့ရှိရကြောင်း၊ ထို့အပြင် နှစ်စဉ်နှစ်တိုင်း အမျိုးသမီး အကြမ်းဖက်မှု ပပျောက်ရေး Campaign များကို နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ရက်နေ့အထိ ၁၆ရက်တိုင် ကျင်းပနေခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ကိုယ်တိုင်လည်း အမျိုးသမီးများ အကြမ်းဖက်ခံရခြင်းမှ မားမားမတ်မတ်ရပ်တည် ကူညီပေးကြရမှာဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် အမျိုးသမီးများအကြမ်းဖက်မှုပပျောက်စေရန်အတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေး ညှိနှိုင်းခဲ့ကြကြောင်းနှင့် အခမ်းအနားသို့ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အမျိုးသမီးကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)