မြစ်ကြီးနားမြို့၌စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များယနေ့မှစ၍ပြန်လည်ရောင်းချခွင့်ပြု

မြစ်ကြီးနား    ဒီဇင်ဘာ  ၄

ကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင် (A)အဆင့်သတ်မှတ်ခံရသော စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များကို ယနေ့မှစ၍ ပြန်လည် ဖွင့်လှစ်ခွင့်ပေးသွားမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့ Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

မြစ်ကြီးနားမြို့နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင်များ၊စားသောက်ဆိုင်များကို သက်ဆိုင်ရာ ကိုဗစ်ကော်မတီ၊စည်ပင်နှင့် ကျန်းမာရေးဌာန စစ်ဆေးခဲ့ပြီး(A)အဆင့် သတ်မှတ်ထားသော ဆိုင်‌ပေါင်း (၁၁၀)ခန့်ကိုဖွင့်ခွင့်ပေးခဲ့သည်။

(A)အဆင့်တွင်လက်သန့်စင်စေခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ ဆိုင်အကျယ်အဝန်းနှင့် နေရာအလိုက်စားပွဲများကို တစ်နေရာနှင့် တနေရာ(၆)ပေအကွာထားရှိ‌‌ေစခြင်း၊စားပွဲများပေါ်တွင် အကာများထားရှိစေခြင်း စသည့်သတ်မှတ်ချက်များပါဝင်ကြောင်း သိရသည်။ “ဆိုင်ပြန်ဖွင့်ရင် သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ ညီ၊ မညီကိုရှောင်တခင် ဝင်စစ်ဆေးမယ်။ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုရှိ၊မရှိစစ်ဆေးမယ် ”တကယ်လို့ သတိပေးသင့်ရင် ပေးမယ်။ စည်းကမ်းချက်နဲ့ကိုက်ညီမှု မရှိရင်တော့ ပြန်ပိတ်ခိုင်း တာမျိုးတွေ လုပ်သွားဖို့ရှိပါတယ် ” ဟု မြို့နယ် ကိုဗစ်ကော်မတီ အဖွဲ့ဝင်တစ်ဦးမှပြောသည်။

ကိုဗစ်ရောဂါ ဖြစ်ပွားမှုပေါ်မူတည်၍ Stay at home သတ်မှတ်ထားသော မြို့နယ်များမှအပကျန်မြို့နယ်များအားလုံး ပြန်လည်ဖွင့်လှစ်ခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စိန်ဝင်း(ပြန်/ဆက်)