မိုင်းယောင်းမြို့နယ်၌ ပထမဆုံး ကိုဗစ်-၁၉ ပိုးကူးစက်ခံရသူတွေ့ရှိ

မိုင်းယောင်း ဒီဇင်ဘာ ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ရောဂါဖြစ်ပွားရာ မြို့နယ်မှ ပြန်လာ၍ အသွားအလာကန့်သတ်စောင့်ကြည့်မှုခံယူသူ အမျိုးသမီးသုံးဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ အမျိုးသမီးများသည် ရောဂါဖြစ်ပွားရာ မြို့နယ်မှ ပြန်လာ၍ သက်ဆိုင်ရာ Community Based Facility Quarantine Center များတွင် အသွားအလာကန့်သတ် စောင့်ကြည့်မှု ခံယူနေလျက်ရှိပြီး ကျန်းမာရေးဌာနမှ ဒီဇင်ဘာ ၄ ရက်က Rapid Diagnostic Test Kits ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခြင်းဖြစ်ကာ ယခုအခါ အဆိုပါ အမျိုးသမီးများသည် ကျန်းမာရေးကောင်းမွန်နေလျက်ရှိပြီး မိုင်းယောင်းမြို့နယ်တွင် ပထမဆုံး ကိုဗစ်-၁၉ ပိုးတွေ့သည့် အတည်ပြုလူနာများဖြစ်သည်။

မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများနှင့် ပြည်တွင်းရှိ Stay At Home အစီအစဉ်တွင် အကျုံးဝင်သော မြို့နယ်များနှင့် ရောဂါဖြစ်ပွားရာ မြို့နယ်များမှ ပြန်လည်ဝင်ရောက် လာသူများအား မြို့နယ်အတွင်း ဖွင့်လှစ်ထားသော Community Based Facility Quarantine Center အသီးသီးတွင် အသွားအလာကန့်သတ်စောင့်ကြည့်မှု ခံယူနေလျက်ရှိပြီး ကျန်းမာရေးဌာနမှ နေ့စဉ် ကျန်းမာရေးစစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း