နေပြည်တော် ဘောဂသီရိနှင့် မြို့မဈေးကားဂိတ်အချို့ Lock Down ချထား

 

ဇမ္ဗူသီရိ ဒီဇင်ဘာ ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်၊ နေပြည်တော် ဘောဂသီရိကားဝန်းရှိ ကားဂိတ်တစ်ခုမှ ယာဉ်မောင်းတစ်ဦးသည် Covid-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးရန် ကွာရန်တင်း ဝင်ခဲ့ရာ Covid-19 ရောဂါပိုး တွေ့ရှိရကြောင်း၊ ထို့ကြောင့် ၎င်းနှင့် ထိတွေ့ဆက်စပ်သူ (၈) ဦးအား ကွာရန်တင်း ထားရှိ၍ Covid-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာတွင် ဘောဂသီရိကားဝန်းမှ နှစ်ဦး၊ မြို့မဈေးအဆိုပါဂိတ်မှ သုံးဦး၊ စုစုပေါင်း ငါးဦးတို့သည် Covid-19 ရောဂါပိုးရှိကြောင်း ထပ်မံတွေ့ရှိရသဖြင့် ဘောဂသီရိကားဝန်းရှိ ၎င်းဂိတ် (၈) ခန်းတွဲ အဆောက်အဦ (၂) လုံးကို Lock Down ချထားပြီး၊ ၎င်း ဘောဂသီရိကားဝန်းအတွင်းရှိ စားသောက်ဆိုင်များကို ပိတ်ထားကြောင်း၊ ကားဝန်း အဝင်/အထွက် နေရာများတွင်လည်း Mask တပ်ဆင်ပြီးမှသာ ဝင်ထွက်ခွင့် ပြုမည် ဖြစ်ကြောင်း သိရသည်။

အလားတူ နေပြည်တော် မြို့မဈေးအရှေ့ဘက်ရှိ ကားဝန်းကိုလည်း ယနေ့နံနက်ပိုင်းမှ စတင်၍ Lock Down ချထားပြီး ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နေပြည်တော်မြို့မဈေးကိုမူ ပုံမှန်ဖွင့်လှစ်ထားရှိမည်ဖြစ်ကြောင်း ၊ Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် Covid-19 ဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီ လိုက်နာ ဆောင်ရွက်သွားရေး ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး ထံမှ သိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)