ဟားခါး ဖေဖော်ဝါရီ ၁၂
၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ယနေ့နံနက် ၆ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်အလံအား အလံတိုင်ထိပ်သို့လွှင့်တင်ခဲ့ပြီး ချင်းပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဒေါက်တာဝုန်ဆွန်းထန်၊ အနောက်မြောက်တိုင်းစစ်ဌာချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မိုးဟိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက နိုင်ငံတော်အလံအလေးပြုကြသည်။
ယင်းနောက် နံနက် ၇ နာရီတွင် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့က ဦးဆောင်မှုဖြင့် နိုင်ငံတော်အလံအလေးပြုကြပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၈) နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနား သို့ပေးပို့သည့် သဝဏ်လွှာအား ချင်းပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဒေါက်တာဝုန်ဆွန်းထန်က ဖတ်ကြားသည်။
ထို့နောက် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အဆင့်မြင့်ပညာအဆင့်နှင့် အခြေခံပညာအဆင့် စာစီစာကုံး၊ ဆောင်းပါးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ အဆင့်မြင့်ပညာအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်က လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဒိမ်ခန့်လွင်က လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိသူများအား အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးက လည်းကောင်း၊ အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က လည်းကောင်း၊ အခြခံပညာအထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိသူများအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်က လည်းကောင်း၊ အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းကလည်းကောင်း၊ အခြေခံပညာအလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိသူများအား လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦးကလည်းကောင်း၊ အခြေခံပညာ မူလတန်းအဆင့် စာစီစကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင်က လည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကာ ပြည်နယ်ဝန်ကြီးချုပ်က ပြသထားသည့် (၇၈) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် အဆင့်မြင့်ပညာအဆင့်နှင့် အခြေခံပညာအဆင့် စာစီစာကုံး၊ ဆောင်းပါးနှင့် ကဗျာပြိုင်ပွဲများ၌ ဆုရစာမူများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)