မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign ပြုလုပ်ခြင်း အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်

မယ်စဲ့  ဒီဇင်ဘာ  ၄                                       

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်အပြင်ထွက်ပါက နှာခေါင်းစည်း တပ်ဆင်ရေး လှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက မြို့တွင်းလမ်းဆုံ၊ စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များနှင့် မြို့မရဲစခန်းရှေ့တို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်း ဦးဆောင်၍ ကော်မတီဝင်များနှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ လမ်းသွားလမ်းလာ ပြည်သူများနှင့် ဈေးရောင်းဈေးဝယ် ပြည်သူများအား Mask များ အခမဲ့ဝေငှပေးခြင်း၊  ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးခြင်းနှင့်အတူ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စိုင်းလျှမ်း(ပြန်/ဆက်)