ရမည်းသင်း ဒီဇင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် သဲကွဲစစ်ဆေးရေးဂိတ်တွင် ကိုဗစ် ၁၉ ရောဂါပိုး ပြန့်ပွားမှုမရှိစေရေးအတွက် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို RDT Test Kitဖြင့် ကိုဗစ်၁၉ရောဂါပိုး စစ်ဆေးပေးလျက်ရှိရာ ဒီဇင်ဘာ(၃)ရက်နေ့တွင် ယာဉ်မောင်းနှင့် နောက်လိုက် (၄)ဦးတွင်ကိုဗစ် ၁၉ရောဂါပိုးစစ်ဆေးတွေ့ရှိသဖြင့် ရမည်းသင်းခရိုင်ပြည်သူ့ဆေးရုံကြီး သီးခြားဆောင်သို့ပို့ဆောင်ကာ ဆေးကုသမှုများပေး လျက်ရှိကြောင်းသိရသည်။
အဆိုပါ စစ်ဆေးရေးဂိတ်တွင် ယနေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်(၄၅၉)ဦးအား RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်၁၉ရောဂါပိုး(၄)ဦးတွေ့ရှိခဲ့ သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါစစ်ဆေးရာသို့ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ရောဂါနှိမ်နင်းရေးဌာန) ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တလွင်၊ တိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်တို့မှကြည့်ရှု့အားပေးခဲ့ကြသည်။
ရမည်းသင်းမြို့နယ်တွင် အောက်တိုဘာလ ၂ ရက်နေ့ ယနေ့အထိ ယာဉ်မောင်းနှင့် နောက်လိုက် (၁၂၅၂၈) ဦးအား စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုးတွေ့သူစုစုပေါင်း (၅၉)ဦးထိရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာမှူး ဒေါက်တာမြင့်မြင့်မော်ထံမှသိရသည်။
ဇော်ဝင်းအောင်