လွိုင်ကော် ဖေဖော်ဝါရီ ၁၄
ကယားပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ (၁၃၈၆) ခု မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံ ကျောက်သားရင်ပြင်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားရိုးရာအတီးအမှုတ်အကအဖွဲ့များ၊ အိုးစည်ဒိုးပတ်အဖွဲ့များနှင့် ပြည်သူများ တက်ရောက်အားပေးခဲ့ကြသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများ သတ်မှတ်နေရာများတွင် နေရာယူပြီးနောက် အကဲဖြတ်အမှတ်ပေးဒိုင်အဖွဲ့မှ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအား အသေးစိတ်ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က မြန်မာ့ရိုးရာထမနဲ ထိုးပြိုင်ပွဲ၌ ပြိုင်ပွဲဝင်အသင်းများ ယှဉ်ပြိုင်ရာတွင် အသုံးပြုမည့် ပါဝင်ပစ္စည်းများ ပြင်ဆင်ခင်းကျင်းထားရှိမှုကို လိုက်လံကြည့်ရှု၍ ပြိုင်ပွဲဝင်များအား အားပေးစကားပြောကြားသည်။ ထို့နောက် ပြိုင်ပွဲကို စတင်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့များက ပြိုင်ပွဲဝင်အသင်းများ၏ အားကြိုးမာန်တက် စုပေါင်းထမနဲထိုးယှဉ်ပြိုင်နေမှုများ၊ တိုင်းရင်းသားရိုးရာ အတီးအမှုတ်အကအဖွဲ့များ၊ အိုးစည်ဒိုးပတ်အဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများက အသင်းအလိုက် ပျော်ရွင်စွာအားပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ အကဲဖြတ်အမှတ်ပေးဒိုင်အဖွဲ့က ထမနဲထိုးပြိုင်ပွဲတွင် အခင်းအကျင်းပြင်ဆင်မှု၊ ပြိုင်ပွဲဝင်များ ဝတ်စားဆင်ယင်မှု၊ စည်းလုံးညီညွတ်မှု၊ အရသာကောင်းမွန်မှု၊ သန့်ရှင်းသပ်ရပ်မှုနှင့် အချိန်မီပြီးစီးမှု၊ ပရိတ်သတ်အားပေးမှုစသည့် သတ်မှတ်ထားသော အမှတ်ပေးစည်းမျဉ်းများနှင့်အညီ စိစစ်အမှတ်ပေးခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ပထမဆုရရှိသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းအား ပြည်နယ်ဝန်ကြီးချုပ်ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် သယံဇာတရေးရာဝန်ကြီးဌာနအသင်းအား ဒေသကွပ်ကဲရေးမှူးကလည်းကောင်း၊ တတိယဆုရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အသင်းအား ပြည်နယ်တရားသူကြီးချုပ်ကလည်းကောင်း၊ နှစ်သိမ့်ဆုရရှိသည့် ပြိုင်ပွဲဝင်အသင်း(၉)သင်းအား ပြည်နယ်အစိုးရအဖွဲ့ဝင်များကလည်းကောင်း အသီးသီးဆုများ ချီးမြှင့်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့က တိုင်းရင်းသားရိုးရာ အတီးအမှုတ်အကအဖွဲ့များ၊ အိုးစည်ဒိုးပတ်အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ကယားပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၁၃၈၆) ခု မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲသို့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ စီးပွားရေးရာဝန်ကြီးဌာန၊ သယံဇာတရေးရာဝန်ကြီးဌာန၊ လူမှုရေးရာဝန်ကြီးဌာန၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အခြေခံပညာဦးစီးဌာနနှင့် လွိုင်ကော်မြို့ အောင်သီဟရပ်ကွက်၊ လောဓမ္မရပ်ကွက်တို့ဖြင့် ပြိုင်ပွဲဝင်အသင်း(၁၂)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)