ဒီးမော့ဆိုမြို့နယ်၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေး

ဒီးမော့ဆို ဒီဇင်ဘာ  ၄

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ကောင်းမွန်ရေး အတွက် လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး(ပြည်ထောင်စု) ရန်ပုံငွေဖြင့် (၂၈၈.၆၁၃) ကျပ်သန်းဖြင့် ဆောင်ရွက်မည့် ဒေါရောက်ခူ ကျေးရွာအုပ်စု၊ ဖရူခေါလမ်းခွဲမှ ဆီဆောင်ကျေးရွာသွားလမ်း ၂ မိုင်၊ ၄ ဖာလုံ ကျောက်ချောလမ်း အဆင့်မြှင့်တင်ခြင်းနှင့် Box Culvert (၄) စင်းတည်ဆောက်ခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်နေမှု အခြေအနေအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာချင်းဆက်လမ်းသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေဖြင့် ၂မိုင် ၄ဖာလုံ မြေလမ်းဖောက်လုပ်ပေးခဲ့ပြီး လက်ရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေဖြင့် ၂ မိုင် ၄ ဖာလုံလမ်း အဆင့်မြှင့်တင်ခြင်းနှင့် Box Culvert (၄) စင်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက် ရှိသည်။

ဒေါရောက်ခူကျေးရွာအုပ်စု ၊ ဖရူခေါလမ်းခွဲမှ ဆီဆောင်ကျေးရွာသွားလမ်း အဆင့်မြှင့်တင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးရွာ ၇ ရွာ၊ အိမ်ထောင်စု ၃၄၉စု၊ လူဦးရေ ၂၂၇၃ ဦး အကျိုးပြုမည် ဖြစ်ပြီး ကျေးလက်နေ ပြည်သူများ တစ်ရွာနှင့်တစ်ရွာ အချိန်တိုအတွင်း လွယ်ကူ လျင်မြန်စွာ သွားလာနိုင်မည်ဖြစ်ကြောင်းနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည့်အပြင် ဒေသထွက်ကုန်များလည်း လွယ်ကူစွာ ကူးသန်းရောင်းဝယ်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

အောင်ထွန်းလေး (ပြန်/ဆက်)