ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

လွိုင်ကော် ဖေဖော်ဝါရီ

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ နောင်ယား (က) ရပ်ကွက်၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၏ စုပေါင်းဝန်ထမ်းအိမ်ရာသို့ရောက်ရှိကာ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးက ပြည်နယ်အစိုးရအဖွဲ့၏ ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဝန်ထမ်းအိမ်ရာများပြုပြင် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၄) ခန်းတွဲ (၃) ထပ်ဝန်ထမ်းအိမ်ရာ (၁၂) လုံးနှင့် ဓမ္မာရုံ ပြုပြင်နေမှုအခြေအနေများ၊ အိမ်ရာဝန်းအတွင်း ဝန်ထမ်းများသန့်ရှင်းသောသောက်သုံးရေရရှိစေရေး ရေသန့်စက်တပ်ဆင်ထားရှိမှု အခြေအနေများကို အသေးစိတ်ကြည့်ရှုစစ်ဆေးခဲ့ကာ  အဆောက်အအုံများ စနစ်တကျဖြင့် ရေရှည်အသုံးပြုနိုင်ရေး၊ ထိခိုက်ပျက်စီးမှုကြီးမားသည့် အဆောက်အအုံများအား ကြံ့ခိုင်မှုအရည်အသွေး ပိုမိုကောင်းမွန်စေရေး၊ အဆောက်အအုံ ပြုပြင်ခြင်းလုပ်ငန်းများ အရည်အသွေး ပြည့်မီစွာဖြင့် အချိန်မီပြီးစီးစေရေး၊ အဆောက်အဦပတ်ဝန်းကျင် သန့်ရှင်းရေးတို့ကို စနစ်တကျ ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (လွိုင်ကော်ဌာနခွဲ) ယဉ်ကျေးမှုပြတိုက်သို့ရောက်ရှိပြီး ပြတိုက်အဆောက်အအုံနှင့်  ပြတိုက်ရှိတိုင်းရင်းသားရိုးရာယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများ  ပြန်လည်ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးရာ ပြတိုက်တာဝန်ခံက လုပ်ငန်းများဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ၊ စာအုပ်စာစောင်များကို ပြတိုက်ပြင်ဆင်ပြီးပါက ပြည်သူများကိုပြန်လည်ပြသနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားရှိရန်၊ လုပ်ငန်းဆောင်ရွက်မှုများ သတ်မှတ်အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေးနှင့် ပြတိုက်အမြန်ဆုံးပြန်လည်ဖွင့်လှစ် ပြသနိုင်ရေး အလေးထားဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လွိုင်ကော်တက္ကသိုလ်သို့ သွားရောက်ကာ တက္ကသိုလ်နယ်မြေ ပရိဝုဏ်အတွင်း အဝင်မုခ်ဦး၊ တက္ကသိုလ်တွင်းလမ်းများ၊ စာသင်ဆောင်များ၊ ကျောင်းသား၊ ကျောင်းသူအိပ်ဆောင်များ၊ အားကစားကွင်းများနှင့် ဝန်ထမ်းအိမ်ရာများ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှစေရေး ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)