ကျေးရွာများတွင် သဘာဝဘေးကျရောက်လာပါက တုန့်ပြန်နိုင်ရန် တုန့်ပြန်နိုင်စွမ်းအားကောင်းသော လူထုဖွံ့ဖြိုးရေးစီမံကိန်း( RCDP )ကို ဖလမ်းမြို့နယ်အတွင်း ကျေးရွာအားလုံးတွင် ဆောင်ရွက်မည်

 

ဖလမ်း           ဒီဇင်ဘာ        ၄

သဘာဝဘေးဒဏ်များ ကျရောက်လာပါက တုန့်ပြန်နိုင်ရန် တုန့်ပြန်နိုင်စွမ်း အားကောင်းသော လူထုဖွံ့ဖြိုးရေးစီမံကိန်း( Resilient Community Development Project )ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှစ၍ ဖလမ်းမြို့နယ်အတွင်း ကျေးရွာများအားလုံးတွင် အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်သည်။

 “ဒီစီမံကိန်းစတင်ဖော်ထုတ်နိုင်ခဲ့တယ်ဆိုရင်တော့ စီမံကိန်းထဲမှာပါဝင်တဲ့ဟာက Mini Infrastructure အသေးစား လမ်း တံတား လုပ်ငန်း၊ Livelihood ဆိုပြီးတော့ စိုက်ပျိုးရေး၊ မွေးမြူရေး အသက်မွေးဝမ်းကျောင်းအထောက်အကူပြုလုပ်ငန်းတွေဆောင်ရွက်ရန် လျာထားခဲ့ပါတယ်”လို့ ဖလမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီး မှူး ဦးဝုန်ပြင်းထန် က ပြောသည်။

တုံ့ပြန်နိုင်စွမ်းအားကောင်းသော လူထုဖွံ့ဖြိုးရေးစီမံကိန်း( RCDP )ကို ဆောင်ရွက် ရန် ဝန်ထမ်းအသစ်ခေါ်ယူရမည်ဖြစ်သည့်အတွက် အဆိုပါဝန်ထမ်းများအတွက် ရုံးမြေ နေရာကို လက်ရှိတွင် ပြင်ဆင်ထားလျက်ရှိသည်။ RCDP ဝန်ထမ်းများက ကျေးရွာ အိမ်ခြေ လူဦးရေစာရင်းကို စစ်တမ်းကောက်ယူကာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီနဲ့ ပူးပေါင်းပြီး ရွာအတွက် ဆောင်ရွက်မည့်လုပ်ငန်းများကို ရွေးချယ်သတ်မှတ်မည်ဖြစ်သည်။

“ပြီးတော့ သဘာဝဘေးကျရောက်ခဲ့ရင်လည်း သဘာဝဘေးဒဏ်ကို တုန့်ပြန်နိုင်စွမ်း အားကောင်းလာမယ်။ ပြီးတော့ ဘယ်မြို့နယ်မှာ လေမုန်တိုင်းတိုက်ခတ်နိုင်တယ် ဘယ်မြို့ နယ်မှာတော့ ငလျင်လှုပ်ခတ်နိုင်တယ်ဆိုတဲ့ဟာလည်း အချက်အလက်တွေစုစည်းပြီးတော့ အဲဒါကို ကြိုတင်ကာကွယ်နိုင်အောင် တုန့်ပြန်နိုင်အောင် စီမံဆောင်ရွက်ရမှာဖြစ်တယ်”လို့ ဖလမ်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝုန်ပြင်းထန် က ပြောသည်။

တုံ့ပြန်နိုင်စွမ်းအားကောင်းသော လူထုဖွံ့ဖြိုးရေးစီမံကိန်း(RCDP)ကို ဖလမ်းမြို့ နယ်အတွင်း ကျေးရွာအားလုံး၌ (၄)နှစ်တာကာလအတွင်း ဆောင်ရွက်မည်ဖြစ်ပြီး ကျေးရွာများတွင် သဘာဝဘေးဒဏ်ခံနိုင်စွမ်းရှိနိုင်ရေး အသေးစား လမ်း တံတား( Mini Infrastructure )လုပ်ငန်း၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု( Livelihood ) လုပ်ငန်းများကို ကျေးရွာနေဒေသခံပြည်သူများနှင့်ပူးပေါင်းကာ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

ဂျွန်