နောင်တရား ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ လွယ်မောကျေးရွာအုပ်စု၊ မြေနီကုန်းကျေးရွာ၌ နောင်တရားမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဖော်ဆောင်နေသည့် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းအဖြစ် ကျေးရွာအတွင်း ကွန်ကရစ် လမ်းခင်းခြင်းအား ယနေ့မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး က ကြည့်ရူအားပေးခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်၊ လွယ်မောကျေးရွာအုပ်စု၊ မြေနီကုန်းကျေးရွာသည် ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းအဖြစ် ရွေးချယ်ခံရပြီး အဆိုပါကျေးရွာအတွက် ကဏ္ဍတစ်ခုဖြစ်သည့် လူနေမှုပတ်ဝန်းကျင်တိုးတက်ရေးကဏ္ဍတွင် အကျယ် ၁၅ ပေ၊ အရှည် ၂၀၀၀ ပေ၊ ထုထည် ၆ လက်မ၊ ဘေးနှစ်ဖက် ရေမြောင်းပါသည့် ကွန်ကရစ်လမ်းခင်းခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ကျေးရွာအတွင်း ကွန်ကရစ်လမ်းခင်းခြင်းကို ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ဦး၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်ဝမ်း၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးငြိမ်းထွန်း၊ ခရိုင်ဦးစီးမှူး ဦးလှငြိမ်းနှင့် တာဝန်ရှိသူများက ကျေးရွာကွန်ကရစ်လမ်းခင်းခြင်းကို ကြည့်ရူအားပေးခဲ့သည်။
ရှမ်းပြည်နယ်အတွင်းတွင် လွိုင်လင်မြို့နယ်မှ ကောင်းပုံကျေးရွာ၊ ပင်လောင်းမြို့နယ်မှ မြေနီကုန်းကျေးရွာနှင့် နောင်ချိုမြို့နယ်မှ ဝါးဘိုးကုန်းကျေးရွာများ ရွေးချယ် ခံထားရကြောင်း သိရသည်။ ပင်လောင်းမြို့နယ်၊ လွယ်မောကျေးရွာအုပ်စု၊ မြေနီကုန်းကျေးရွာတွင် အိမ်ထောင်စု (၁၀၈)စုရှိပြီး စုစုပေါင်းလူဦးရေမှာ (၄၃၉)ဦးရှိကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)