ပုံပါကျင်မြို့တွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း ဆောင်ရွက်

ပုံပါကျင် ဒီဇင်ဘာ ၄

ရှမ်းပြည်နယ်  (အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်ခြင်းကို ပုံပါကျင်မြို့ ကျေးလက် ကျန်းမာရေးဌာနတွင် ယမန်နေ့ နှင့်ယနေ့နံနက်ပိုင်းများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်အုပ်စုအလိုက် မြို့ပေါ်ရပ်ကွက်များကို အပိုင်းလိုက်ခွဲ၍ ထိုးနှံပေးခြင်း ဖြစ်ကြောင်း၊ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါကြောင့် ကလေးတစ်ဦး အုပ်ထိန်းသူ မိဘတစ်ဦးသာလာရန်နှင့် ပါးစပ်နှင့် နှာခေါင်းစည်းအဝတ်များ မဖြစ်မနေ တပ်ဆင်လာကြရန်အတွက် သက်ဆိုင်ရာ ရပ်/ကျေးအဖွဲ့ဝင်များမှ တစ်ဆင့် အကြောင်းကြားကာ ဆောင်ရွက်ခဲ့ ကြောင်း၊ ကာကွယ်ဆေးထိုးနှံရာတွင် လူစုလူဝေးမဖြစ်စေရေးအတွက် ရပ်ကွက် အပိုင်းလိုက်ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း ပုံပါကျင်မြို့ကျေးလက် ကျန်းမာရေးဌာနမှသိရသည်။

ပုံပါကျင်မြို့တွင် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို လစဉ်လဆန်းရက်များတွင် ပုံမှန်ဆောင်ရွက် လျက်ရှိပြီး အသက်နှစ်လမှ အသက် (၁)နှစ်ခွဲ အထိကလေးငယ်များအား ဘီစီဂျီ၊ ပြင်းထန်အဆုပ်ရောင်၊ ဆုံဆို့ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ ကာကွယ်ဆေး၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ် ကာကွယ်ရေး)၊ ဝက်သက်နှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေး ၊ ဂျပန် ဦးနှောက်ရောင် ရောဂါကာကွယ်ဆေး ထိုးနှံခြင်း၊ ပိုလီယိုကာကွယ်ဆေး၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော (ရိုတာ) ကာကွယ် ဆေးတိုက်ခြင်းနှင့် အသက် (၉)နှစ်နှင့် (၁၀)နှစ်ပြည့်ပြီးသူ မိန်းကလေးငယ်များအား သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ် ဆေး ထိုးနှံခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စန္ဒီ(ပြန်/ဆက်)