ရေဖြူမြို့နယ်တွင် ယခုနှစ်ရာသီပေါ်ကွမ်းသီး အစို အခြောက်ဈေး ဈေးကောင်းပြန်လည်ရရှိနေ

ရေဖြူ ဒီဇင်ဘာ ၅

နှစ်စဉ်သီတင်းကျွတ်ရာသီမှစ၍ စတင်ခူးဆွတ်လေ့ရှိသည့် ကွမ်းသီးဈေးနှုန်းသည် ရာသီအစတွင် ယခင်နှစ် ထက်ဈေးနှုန်း လျော့နည်းလျက်ရှိသော်လည်း ယခုအချိန်တွင်ဈေးကောင်းရနေပြီ ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်သည် ရော်ဘာနှင့်ကွမ်းသီးပင်ကို အများဆုံး စိုက်ပျိုး သောဒေသဖြစ်ပြီး အောက်တိုဘာလမှ ဖေဖော်ဝါရီလ အထိ ကွမ်းသီးများ ရင့်မှည့်ချိန် ဆွတ်ခူးလေ့ရှိပါသည်။

ယခုနှစ်အောက်တိုဘာလ ကွမ်းသီး စတင်ဆွတ်ခူးချိန်တွင် အစိုတစ်လုံး ၁၂ ကျပ်သာရပြီး အခြောက် တစ်ပိဿာ ၂၅၀၀ ကျပ်သာ ရသဖြင့် ယခင်နှစ်ထက် တစ်ပိဿာ ၂၀၀၀ ကျပ်ခန့်လျော့နည်းရာ လက်ရှိငွေလိုနေသူ အချို့သာ ရောင်းချကြပြီး အတက်ဈေးကို စောင့်နေကြသည်။

ယခု နိုဝင်ဘာလအကုန် ဒီဇင်ဘာလဆန်းတွင် အလုံးဈေး ၂၀ ကျပ်ကျော်လာပြီး တစ်ပိဿာ ၄၀၀၀ကျပ် ခန့်ရရှိ လာကာ ဈေးတက်လာသဖြင့် ကွမ်းစိုက်တောင်သူများဝမ်းသာနေကြပါသည်။

"ဒီထက်ဈေးပိုလည်း ၄၅၀၀/၄၈၀၀ ကျပ်လောက်ပဲနှစ်တိုင်းရနေကြဆိုတော့ စားဝတ်နေရေးအတွက် ငွေလိုတယ်လေ ၊ သိုမထားနိုင်တော့ ၄၀၀၀ ကျပ်ဈေး နဲ့ပဲ ထားဝယ်ပွဲရုံတွေကို ရောင်းချကြောင်း" ဧကနိရွာ ကွမ်းစိုက် တောင်သူတစ်ဦးကပြောသည်။

ရာသီအစတွင် ဈေးမကောင်းပဲ ကိုဗစ်_၁၉ ရောဂါဖြစ်နေသော်လည်း ကုန်ကားများ ပုံမှန်အတက်အဆင်းရှိနေမှုကြောင့် နှစ်တိုင်းရရှိနေသည့် ဈေးနှုန်းကို ပြန်လည်ရရှိနေပြီဖြစ်သောကြောင့် ကွမ်းစိုက် တောင်သူများ ဝမ်းမြောက်နေကြောင်း သိရသည်။

‌ဖြူဖြူရှိန်(ရေဖြူပြန်/ဆက်)