ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်) ဒသမအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

လွိုင်ကော် ဖေဖော်ဝါရီ ၁၆

ကယားပြည်နယ်၊ ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)၏ ဒသမအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)၊ ပင်မသုံးထပ်ကျောင်းဆောင် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကွန်ပျုတာတက္ကသိုလ်မှ ပညာရေးအဖွဲ့နှင့်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဘွဲ့ရကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဘွဲ့နှင်းသဘင် အခမ်းအနားအား အစီအစဉ်များအတိုင်းကျင်းပရာ နိုင်ငံတော်သီချင်းဖွင့်လှစ်စဉ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက နိုင်ငံတော်အလံအား အလေးပြုကြသည်။ ထို့နောက် ဒုတိယပါမောက္ခချုပ်က ဘွဲ့များအပ်နှင်းရန်အတွက် ဤဘွဲ့နှင်းသဘင်ကို ကျင်းပကြောင်း ကြေညာပြီးနောက် ဘွဲ့ရမောင်မယ်များက စောင့်ထိန်းရမည့်ကျင့်ဝတ်များကို လိုက်နာကျင့်သုံးရန် ကတိဝန်ခံမှု ပြုစေသည်။ 

ဆက်လက်၍ ဘွဲ့လွန်ကွန်ပျူတာသိပ္ပံ ဒီပလိုမာဘွဲ့ ရရှိသူ (၉) ဦး ၊ ကွန်ပျူတာသိပ္ပံဘွဲ့ ရရှိသူ (၄) ဦး ၊ ကွန်ပျူတာနည်းပညာဘွဲ့ ရရှိသူ (၃) ဦး၊ အဝေးရောက်ဘွဲ့ယူရန် လျှောက်ထားကြသော ဘွဲ့လွန်ကွန်ပျူတာသိပ္ပံ ဒီပလိုမာဘွဲ့ ရရှိသူ (၅) ဦး၊ ကွန်ပျူတာသိပ္ပံဘွဲ့ ရရှိသူ (၁၇) ဦး၊ ကွန်ပျူတာနည်းပညာဘွဲ့ ရရှိသူ (၁၂) ဦး စုစုပေါင်း (၅၀) ဦးတို့အား ဘွဲ့များချီးမြှင့်အပ်နှင်းကာ ဘွဲ့ရရှိသူများစာရင်းကို အတည်ပြု လက်မှတ်ရေးထိုးပေးခဲ့သည်။

ထို့နောက် ဒုတိယပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားရာတွင် “ဘွဲ့ရမောင်မယ်များအနေဖြင့် သင်ယူတတ်မြောက်ထားသော ပညာရပ်များကိုအသုံးပြုပြီး သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍတွင် နိုင်ငံတော်မှအားကိုးအားထားပြုရသည့် ပညာရှင်များဖြစ်အောင် ကြိုးပမ်းကြ စေလိုကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာတွင် နိုင်ငံနှင့်လူမျိုးကိုချစ်သောစိတ်ဓာတ်၊ အများအကျိုးကို ဆောင်ရွက်ပေးသော စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်တို့ဖြင့် ဥပဒေစည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာပြီး နိုင်ငံသားကောင်း တစ်ဦး အဖြစ် နေထိုင်သွားကြစေလိုကြောင်း၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊  ရိုးရာယဉ်ကျေးမှုများကိုအစဉ် ထိန်းသိမ်းကာကွယ်ကြစေလိုကြောင်း” ပြောကြားခဲ့သည်။

ယင်းနောက် ဘွဲ့နှင်းသဘင်ကို ရုပ်သိမ်းကြောင်း ကြေညာပြီး အစီအစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်ကာ ဘွဲ့နှင်းသဘင်အခမ်းအနား ပြီးမြောက်ခဲ့သည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပညာရေးအဖွဲ့နှင့် စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊  ဘွဲ့ရမောင်မယ်များ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘွဲ့ရမောင်မယ်များ၊ ၎င်းတို့၏ မိဘဆွေမျိုးများနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)