သာပေါင်း ဒီဇင်ဘာ ၅
သာပေါင်းမြို့နယ်၊ လူမှု၀န်ထမ်းဦးစီးဌာနမှ လှေကြီးတတ်ကျေးရွာအုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်နှင့် ၎င်းတို့မှမွေးဖွားသော အသက်(၂)နှစ်အောက်ကလေးများကို MCCTငွေကြေးထောက်ပံ့မှု အစီအစဉ်ဖြင့် ကျေးရွာ အရောက်လက်၀ယ်သို့ ပေးအပ်ခြင်းအား လှေကြီးတတ်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်လူမှု၀န်ထမ်းဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်မြင့်မှ (MCCT)ကိုယ်၀န်ဆောင် မိခင်နှင့်၎င်းတို့မှ မွေးဖွားသော အသက်(၂)နှစ်အောက်ကလေးများ ငွေကြေးထောက်ပံ့မှု အစီအစဉ် များနှင့် ရည်ရွယ်ချက် ရည်မှန်းချက်များကို ရှင်းလင်းပြောကြားပြီးလှေကြီးတတ်ကျေးရွာ၊ ခမရ (၃၀၈)၊ ကွက်ပြင်ကျေးရွာ၊ ပျဉ်မထုံးကျေးရွာ၊ ကျွန်းကုန်းကျေးရွာများရှိ ကိုယ်၀န်ဆောင်မိခင်(၄၁)ဦး နှင့်၎င်းတို့မှ မွေးဖွားသော အသက်(၂)နှစ်အောက် ကလေး(၁၃)ယောက်တို့ကို တာ၀န်ရှိသူများက စနစ်တကျ လက်၀ယ်သို့ပေးအပ်ခဲ့ကြသည်။
ယခု ထောက်ပံ့ပေးအပ်ခြင်းသည် ဧပြီလ မှ စက်တင်ဘာလအထိ ကျန်ရှိစာရင်းဦးရေများအား ကျေးရွာအရောက် လက်၀ယ်သို့ လိုက်လံ ပေးအပ်ခြင်းဖြစ်ကြောင်း မြို့နယ်လူမှု ဝန်ထမ်း ဦးစီးအရာရှိဒေါ်ယဉ်ယဉ်မြင့် ထံမှသိရသည်။
မျိုးဇော်သိန်း(ပြန်/ဆက်)